ဒီနှစ် ဘောလုံးရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ရဲ့နေရာမှာ ကစားသမားဟောင်းလည်းဖြစ် လက်ရှိ ဘိုလော့ဂ်နာအသင်း နည်းပြလည်းဖြစ်တဲ့ သီယာဂို မော့တာနဲ့ အစားထိုးသွားချင်နေတယ်လို သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးဖြစ်တဲ့ ဇာဗီဟာ ၂၀၂၁ခုနှစ် နိဝင်ဘာလမှာပဲ ဘာစီလိုနာကို နည်းပြတစ်ဦးအဖြစ် ပြန်လည် ရောက်ရှိလာခဲ့ပြီး ဒုတိယရာသီမှာပဲ အသင်းအတွက် စပိန် လာလီဂါဖလား နဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : SuperSport

ဒါပေမယ့် ဇာဗီရဲ့ တတိယမြောက်ရာသီဖြစ်တဲ့ အခုဘောလုံးရာသီမှာတော့ ဘာစီလိုနာက စပိန်စူပါဖလားဖိုင်နယ်မှာ ရီးယဲလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသလို ကိုပါဒယ်ရေးမှာလည်း ကွာတားဖိုင်နယ်နဲ့ ထွက်ခွာခဲ့ရပါတယ်။ ဒါ့အပြင် လာလီဂါမှာပါ ဇယားထိပ်က ရီးယဲလ်နဲ့ပါ (၁၀)မှတ်အထိ ကွာဟနေရပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဇာဗီက ဒီရာသီအကုန်မှာပဲ ဘာစီလိုနာ နည်းပြရာထူးကနေ စွန့်လွှတ်သွားတော့မယ်လို့ အသိပေးခဲ့ပြီး ဘာစီလိုနာကလည်း သူ့နေရာအတွက် ဇာဗီလို ရာသီအကုန်မှာ လီဗာပူးလ်နဲ့ လမ်းခွဲမယ့် နည်းပြကြီး ယာဂန် ကလော့ပ်လို အလိုရှိလာခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဂျာမန်လူမျိုး နည်းပြကြီး ကလော့ပ်က လီဗာပူးလ်နဲ့ လက်တွဲဖြုတ်ပြီးရင်တောင်မှ နည်းပြအလုပ်ကနေ တစ်နှစ်ခန့်လောက်အထိ အနားယူနိုင်တဲ့အတွက် ဘာစီလိုနာက သူတို့ရဲ့ ကစားသမားဟောင်းတစ်ဦးကိုသာ ပစ်မှတ်ထားလာပါတော့တယ်။

သူကတော့ လက်ရှိ ဘိုလော့ဂ်နာ အသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ သီယာဂို မော့တာဖြစ်ပြီး မော့တာက ဘိုလော့ဂ်နာမှာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်တာမို့ ဘာစီလိုနာ တာဝန်ရှိသူတွေက မျက်စိကျနေပါတယ်။ နောက်ပြီး မော့တာက ဘာစီလိုနာမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့သူဖြစ်လို့ ကစားသမားဟောင်း-နည်းပြတွေကို ခန့်အပ်တက်လေ့ရှိတဲ့ ဘာစီလိုနာအတွက် မော့တာက နည်းပြသစ်တစ်ဦး ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။