နွေဈေးကွက်အတွင်းမှာ ငွေကြေးသုံးစွဲမှု များစွာနဲ့ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ထားတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမား အရေအတွက် များပြားနေခြင်းကြောင့် အသင်းမှာ နေရာမရနိုင်တော့တဲ့ မာတင်ဘရေ့ဝိတ်နဲ့ မနှစ်ကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းတို့ကို ဈေးကွက်ထဲမှာပဲ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ရှင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Memphis Depay 'ready' to leave Barcelona in summer

Photo Credit : 90Min

အူဘာမီယန်း ဒမ်ဘီလီ ဖယ်ရန်တောရက်စ် ဖာတီ ဒီပိုင်း ဘရေ့ဝိတ်တို့လို တိုက်စစ်ကစားသမားတွေ စုပြုံရှိနေတဲ့ တိုက်စစ်ပိုင်းအတွက် လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့ကို ထပ်မံ ခေါ်ယူပြီး ဒမ်ဘီလီကိုပါ စာချုပ်သစ် ချုပ်ဆိုလိုက်တာကြောင့် ဒီပိုင်းနဲ့ ဘရေ့ဝိတ်တို့ရဲ့ အနာဂတ်တွေက မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူထားတဲ့ ပိုလန်တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးအတွက် ကျောနံပါတ်(၉)ကို ပေးအပ်သွားချင်နေရာ လက်ရှိမှာ ဒီပိုင်းက ကျောနံပါတ်(၉)ကို ဝတ်ဆင်ထားတာ ဖြစ်သလို နည်းပြဇာဗီကိုယ်တိုင်ကလည်း အသင်းရဲ့ တိုက်စစ်မှာ လီဝန်ဒေါစကီး အူဘာမီယန်းနဲ့ ရာဖင်ညာတို့ကို နေရာပိုပေးသွားဖို့ ရှိနေတဲ့အတွက် ဒီပိုင်းကို အသင်းကနေ ရှင်းထုတ်သွားချင်နေပါတယ်။

Juventus and Barcelona working on Depay deal - Football Italia

Photo Credit : Football Italia

ဘောလုံးသမား အပြောင်းအရွှေ့ဆိုင်ရာ စပယ်ရှယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဒီပိုင်းကို အသင်းကနေ free transfer နဲ့ လက်လွတ်သွားဖို့အတွက် ဒီပိုင်းရဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးညှိနှိုင်းလျက် ရှိနေပြီး သဘောတူညီမှု ရရှိအောင်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ နယ်သာလန်လက်ရွေးစင် ကစားသမား ဒီပိုင်းကတော့ သူ့အနာဂတ်အတွက် သင့်တော်တဲ့ ကလပ်အသင်း တစ်သင်းရဲ့ ထိုက်သင့်တဲ့ ကမ်းလှမ်းမှုမျိုးကို ရရှိလာခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာကနေ ထွက်ခွာလိမ့်မယ်လို့လည်း ဖာဘရီဇီယိုက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီပိုင်းက ထိပ်တန်း ကလပ်အသင်းကြီး တစ်သင်းသင်းကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ နယူးကာဆယ်လို အသင်းမျိုးထက် စီးရီးအေရဲ့ နာမည်ကျော် ကလပ်အသင်း ဂျုဗင်တပ်စ်ကိုသာ ရွေးချယ်ဖွယ် ရှိလာနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ လိုင်ယွန် ကစားသမားဟောင်း ဒီပိုင်းဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ နွေကမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ တစ်ရာသီ ဖြတ်သန်းခဲ့ချိန်မှာ ပြိုင်ပွဲစုံ (၃၈)ပွဲကစား (၁၃)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။