ဒီနှစ်နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေများစွာကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ အသင်းရဲ့ ကစားသမားတွေကို ပြန်လည်ရောင်းချသွားဖို့ ရှိလို့နေပြီး အသင်းရဲ့အရောင်းစာရင်းထဲမှာ ဂျာမန်နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါလည်း ပါဝင်လျက်ရှိနေပါတယ်။ ဒီလို အနာဂတ်မရေမရာဖြစ်နေတဲ့ နောက်ခံလူရူဒီဂါကို သူရဲ့အသင်းဟောင်း ရိုးမားနဲ့ နောက်ခံလူတစ်ယောက် အလိုရှိနေတဲ့ ဘာစီလိုနာအသင်းတို့ကနေ ခေါ်ယူသွားချင်နေတယ်လို့ ဂျာမန်အားကစားမီဒီယာကနေ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၇)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ရူဒီဂါဟာ ၂၀၁ရခုနှစ်ကမှ ရိုးမားအသင်းကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းရဲ့အဓိကနောက်ခံလူအဖြစ် ပါဝင်ကစားခဲ့ရပေမယ့် နည်းပြလမ်းပတ်လက်အောက်မှာတော့ ခံစစ်ပိုင်းအတွင်း အားနည်းချက်တွေ များစွာဖြစ်ပေါ်ခဲ့တာကြောင့် လမ်းပတ်ကိုယ်တိုင်ကပါ စိတ်ပျက်နေခဲ့ရကာ အသင်းကနေ ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးအသင်းက ရူဒီဂါကို အသင်းကနေ ရောင်းချသွားချင်နေပြီး သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေကတော့ ရူဒီဂါကို အငှားစာချုပ်နဲ့သာ ကမ်းလှမ်းသွားချင်နေပါတယ်။

Photo Credit : talkSPORT

ရူဒီဂါကို သူရဲ့အသင်းဟောင်း ရိုးမားနဲ့ ဘာစီလိုနာအသင်းတို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတဲ့အပြင် ဗဟိုခံစစ်နေရာမှာ လူအင်အားဖြည့်တင်းချင်နေတဲ့ ပီအက်စ်ဂျီအသင်းလည်း ရူဒီဂါကို ခေါ်ယူလိုနေပါတယ်။ ချယ်လ်ဆီးနည်းပြ လမ်းပတ်ကလည်း ဒီရာသီမှာ ရူဒီဂါကို ပွဲထွက်ကစားသမားအဖြစ် လုံးဝသုံးစွဲခြင်းမရှိသေးပဲ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ရူဒီဂါကို အရန်စာရင်းထဲ ထည့်သွင်းခဲ့ပေမယ့် လီဗာပူးလ်ကို အရေးနိမ့်တဲ့ပွဲနဲ့ ဘန်စလေကို အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ်တွေမှာတော့ ရူဒီဂါကို တစ်ပွဲလုံးရဲ့လူစာရင်းမှာ လုံးဝကို ထည့်သွင်းခြင်း မရှိခဲ့ပါဘူး။ လမ်းပတ်က အသင်းရဲ့ ဗဟိုခံစစ်နေရာအတွက် ဇူးမား ခရစ္စတန်ဆန် တိုမော်ရီနဲ့ သီယာဂိုဆေးဗားတို့ကိုပဲ အသုံးပြုဖို့ ရှိနေတဲ့အတွက် ပဥ္စမြောက်ဦးစားပေး ဖြစ်နေရတဲ့ ရူဒီဂါက အသင်းကို စွန့်ခွာသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးဘက်ကလည်း ဒီနွေစျေးကွက်ရဲ့ နောက်ဆုံးသော လူခေါ်ယူမှုအဖြစ် ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို အရခေါ်ယူသွားချင်နေတဲ့အတွက် ရူဒီဂါကို ရောင်းချပြီး အသုံးစရိတ် ပြန်လည်ရှာဖွေသွားဖွယ် ရှိနေပါတယ်။