စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ခံစစ်မှူး ခွန်ဒေကို မခေါ်ယူနိုင်ခဲ့ရင် အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့် ဗဟိုခံစစ်မှူး ဝီလီယံ ဆာလီဘာကို ပြောင်းလဲ ခေါ်ယူဖို့ စီစဉ်ထားကြောင်း စပိန်အခြေစိုက် သတင်းဌာန တချို့နဲ့ အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနတို့က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပက်ဘလို တော်ရီ ၊ ကတ်ဆီး ၊ ခရစ်တန်ဆန် ၊ ရာဖင်ဟာ ၊ လီဝမ်ဒေါစကီး စတဲ့ ကစားသမားတွေကို ခေါ်ယူထားနိုင်ပေမယ့် သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် ထိပ်တန်း ဗဟိုခံစစ်မှူး တဦးကို ထပ်မံ ခေါ်ယူချင်နေပြီး ဆီဗီးလားနဲ့အတူ တောက်ပနေတဲ့ ပြင်သစ် ခံစစ်မှူး ခွန်ဒေဟာ ဘာစီလိုနာရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Express

အထူးသဖြင့် ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက ခွန်ဒေရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေကလည်း ခွန်ဒေကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေကြပေမယ့် ဘာစီလိုနာဟာ ခွန်ဒေကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးကလပ် ချယ်လ်ဆီးနဲ့ ပြိုင်ဆိုင်နေရပါတယ်။

လက်ရှိမှာတော့ ဘဏ္ဍာရေးအင်အား ပိုမို တောင့်တင်းတဲ့ ချယ်လ်ဆီးက ခွန်ဒေကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာထက် ပိုမို အခြေအနေ ကောင်းနေကာ ချယ်လ်ဆီးက ခွန်ဒေကို ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်းနဲ့ ခေါ်ယူဖို့ ဆီဗီးလားနဲ့ ပဏာမ သဘောတူညီမှု ရယူထားနိုင်သလို ခွန်ဒေကိုလည်း တနှစ် လုပ်ခလစာ ယူရို ၁၂သန်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားတာကြောင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုပါ ရယူနိုင်ဖို့ နီးစပ်နေပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ဘာစီလိုနာက ခွန်ဒေကို မခေါ်နိုင်ခဲ့ရင် ခေါ်ယူမယ့် အစားထိုး ခံစစ်မှူးတွေကို စတင် ရှာဖွေနေကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မာဆေးလ်နဲ့အတူ တောက်ပခဲ့ရင်း ပြင်သစ် လီဂူးဝမ်းရဲ့ အကောင်းဆုံး လူငယ်ခံစစ်မှူး အဖြစ်ပါ သတ်မှတ်ခံခဲ့ရတဲ့ အာဆင်နယ် လူငယ်ကြယ်ပွင့် ဆာလီဘာဟာ ဘာစီလိုနာရဲ့ ထိပ်သီးပစ်မှတ် တဦး ဖြစ်လာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆာလီဘာက အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အာဆင်နယ်က ဆာလီဘာကို သူတို့ရဲ့ အနာဂတ် အဖြစ် သတ်မှတ်ထားပေမယ့် အကယ်၍ ဘာစီလိုနာကသာ ဆာလီဘာအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ပါက ဆာလီဘာကို ရောင်းချဖို့ စဉ်းစားနိုင်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။