စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ထားတာကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အလွတ်နဲ့ ထွက်ခွာနိုင်မယ့် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဗဟိုကွင်းလယ်လူအဖြစ် သာမကပဲ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာပါ ထွက်ကစားနိုင်တဲ့ ပေါလ် ပေါ့ဘာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ပီအက်စ်ဂျီ ၊ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က သူ့ကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့ကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ကြီးမားတဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အလွန်အမင်း စိတ်ဝင်စားနေသလို ဘာစီလိုနာရဲ့ တာဝန်ရှိသူ တချို့က ပေါ့ဘာရဲ့ အပြောင်းအရွှေ့ အတွက် သူ့ရဲ့အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ပါ စီစဉ်ထားကြောင်း သိရပါတယ်။

Photo Credit: Express

ဘာစီလိုနာနဲ့ နီးစပ်သူတွေကလည်း ဘာစီလိုနာနည်းပြ ဇာဗီက ပေါ့ဘာကို ခေါ်ယူကာ ကွင်းလယ်မှာ ဒီဂျောင် ၊ ပီဒရီတို့နဲ့ တွဲဖက်ကာ အသုံးပြုချင်နေကြောင်း အတည်ပြုပေးထားပြီး ပေါ့ဘာက စပိန်မြေမှာ ကစားဖို့ စိတ်ကူးရှိသူ ဖြစ်တာကြောင့် ပေါ့ဘာအတွက် ဘာစီလိုနာဟာ ရွေးချယ်မှု တခု ဖြစ်လာကြောင်း ဖော်ပြပေးလိုက်ရပါတယ်။