စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက သူတို့ရဲ့ နံပါတ်တစ် ဂိုးသမား တာစတီဂျန် တယောက် ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူရဖို့ သေချာသွားချိန်မှာ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း နာမည်ကြီး စပိန်သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၃၃နှစ် အရွယ် ဝါရင့် စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာက ပြီးခဲ့တဲ့ ဇူလိုင်လမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေသူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ ထိပ်သီးကလပ်တွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့ပေမယ့် တကယ်တမ်းမှာ ဘယ်အသင်းဆီမှ မပြောင်းဖြစ်သေးပါဘူး။

Photo Credit: Goal

တဖက်မှာတော့ ဘာစီလိုနာက ဂျာမဏီလက်ရွေးစင် ဂိုးသမား တာစတီဂျန်နဲ့ စပိန်ဂိုးသမား ပီနာတို့ကို ပိုင်ဆိုင်ထားပေမယ့် နံပါတ်တစ် ဂိုးသမား တာစတီဂျန်က ကျောဒဏ်ရာကြောင့် ကာလရှည် အနားယူရဖို့ ရှိနေတာကြောင့် ထိပ်တန်း ဂိုးသမား တဦးကို ခေါ်ယူဖို့ အလျင်အမြန် လှုပ်ရှားနေပါတယ်။

ဘာစီလိုနာက ဆောင်းဈေးကွက်မှာ တာစတီဂျန်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ဂိုးသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားသလို တဖက်မှာလည်း ထိပ်တန်း ဂိုးသမား ဒေးဗစ် ဒီဂီယာက အသင်းလက်မဲ့ ကစားသမား ဖြစ်နေတာကြောင့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဒေးဗစ် ဒီဂီယာကို ခေါ်ယူဖို့ စတင် စဉ်းစားနေကြပါတယ်။

Photo Credit: Tribuna

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivoရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ဒီဂီယာကလည်း ဘာစီလိုနာလို ထိပ်သီးအသင်းရဲ့ ကမ်းလှမ်းမှုမျိုး ရောက်လာရင် ငြင်းဆန်မယ့် အနေအထား မရှိတာကြောင့် ဘာစီလိုနာနဲ့ ဒီဂီယာကို မကြာခင်မှာ တွဲမြင်ရဖွယ် ရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာ အပြင် နယူးကာဆယ်ကပါ ဒီဂီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒီဂီယာက ဘယ်အသင်းဆီ ပြောင်းမလဲ ဆိုတာ ရွေးချယ်ရဖို့ ရှိနေပြီး စပိန်သတင်းထောက်တွေကတော့ ဒီဂီယာဟာ မွေးရပ်မြေ စပိန်နိုင်ငံဆီ ပြန်လာလိမ့်မယ်လို့ ဟောကိန်းထုတ်နေကြပါတယ်။