စပိန်လာလီဂါထိပ်သီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင် ဖို့ အခြေအနေမပေးသေးပေမယ့် သူတို့အသင်းရဲ့ ကစားသမားအင်အားကို တိုးမြှင့်နိုင်ဖို့ စတင်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်လာတယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာအသင်းဟာ သူတို့ အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းဖို့ အတွက် မူလက အင်တာမီလန်အသင်းရဲ့ ကစားသမားဖြစ်တဲ့ မာတီနက်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးကြောင့် သူတို့ရဲ့ စိတ်ကူးကို ပြောင်းလဲလိုက်ပြီလို့ စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Marca.com

စပိန်အခြေစိုက်သတင်းဌာနတွေရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ မာတီနက်ကို ခေါ်ယူဖို့ စဉ်းစားထားတဲ့ သူတို့ရဲ့ စိတ်ကူးကို ပြောင်းလဲလိုက်ပြီး နောက်ပိုင်းပွဲစဉ်တွေမှာ မန်ယူအသင်း အတွက် ခြေစွမ်းပြကစားထားနိုင်တဲ့ တိုက်စစ် ကစားသမား မာရှယ်ကို ပြောင်းလဲပစ်မှတ်ထားလိုက်ပြီလို့ သိရှိရပါတယ်။ အသက်၂၄နှစ်ပြည့် သွားပြီဖြစ်တဲ့ မာရှယ်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ရက်ဖို့ဒ်မရှိတဲ့ မန်ယူအသင်းရဲ့ တိုက်စစ် ကို အဓိက ဦးဆောင်နေရသူဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်၆ပွဲမှာ ၄ဂိုးအထိ သွင်းယူပေးထားကာ လက်ရှိဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ပွဲကစားထားရာမှာ ၁၁ဂိုး သွင်းယူပေးထားပြီး ၃ဂိုး ဖန်တီးပေးထားနိုင်သူပါ။

Photo Credit: Marca.com

ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ အားကစား ဒါရိုက်တာ အဘီဒယ်ကို အသုံးပြုပြီး မာရှယ်ကို ခေါ်ယူဖို့အတွက် ကြိုးစားလာမှာဖြစ်ကြောင်း သိရပြီး ပြောင်းရွှေ့ကြေးအနေနဲ့တော့ ယူရို ၇၅ သန်းဝန်းကျင် အသုံးပြုဖို့ စဉ်းစားထားကြောင်း သိရှိရပါတယ်။ အင်္ဂလန်အခြေစိုက်သတင်းဌာ အများစုကလည်း အဆိုပါသတင်းအပေါ် အတည်ပြုပေးထားကြပေမယ့် ဘောလုံးကျွမ်းကျင်သူတွေကတော့ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို မန်ယူအသင်းဘက်က လက်ခံဖွယ် မရှိကြောင်းနဲ့ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ လက်ရှိတိုက်စစ်အစုအဖွဲ့ကို ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ကြောင်း သုံးသပ်ပြောဆိုထားကြပါတယ်။