ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာကြောင့် အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စဉ်းစားနေတဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံး ၁၇နှစ် အတွင်းမှာ ပထမဦးဆုံးအကြိမ် အဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားခဲ့ရပြီး အသင်းရဲ့ ဂုဏ်သိက္ခာပိုင်းကလည်း ကြီးကြီးမားမားကို ကျဆင်းခဲ့ရပါတယ်။

Photo Credit: The Mirror

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ လာပေါ်တာ ၊ နည်းပြဇာဗီနဲ့ ဘုတ်အဖွဲ့ဝင် တချို့ဟာ အရေးပေါ် အစည်းအဝေး တခုကို ပြုလုပ်ပြီး အသင်းကို အလုံးစုံ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းနဲ့ နီးစပ်တဲ့ စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ El Nacional သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရက်ဖို့ဒ်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန် ရနိုင်တဲ့ အနေအထားကြောင့် သူတို့အသင်းဆီ ပြောင်းလာမယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

Photo Credit: The Mirror

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး မြန်နှုန်းမြင့် ကစားဟန်ကို ပိုင်ဆိုင်ထားကာ အဆုံးသတ်ပိုင်း ကောင်းမွန်တဲ့ တိုက်စစ်မှူး တဦးလည်း ဖြစ်ပါတယ်။

ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ မဖြစ်မနေ ထွက်ခွာရမယ် ဆိုပါက ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း ဝန်ခံထားသူ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းဟာ ရက်ဖို့ဒ်ကို ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင် အထိ သုံးစွဲရနိုင်တာကြောင့် ဒီအပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖို့ ခက်ခဲနေပါတယ်။