စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက အက်စ်တွန်ဗီလာနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လူငယ်ကြယ်ပွင့် ချူဟွေမီကာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၁၉ လက်ရွေးစင် ကွင်းလယ်လူ ချူဟွေမီကာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်စ်တွန်ဗီလာနဲ့အတူ ပွဲထွက်ခွင့်တွေ ရရှိထားတဲ့ လူငယ် ကွင်းလယ်လူ တဦး ဖြစ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှု ၊ ဘောလုံးအမြင်နဲ့ တိကျတဲ့ ပေးပို့မှုတွေကြောင့် အနာဂတ်မှာ တောက်ပလာမယ့် ကွင်းလယ်ကြယ်ပွင့် အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။

Photo Credit: The Sun

ချူဟွေမီကာက ဗဟိုကွင်းလယ် အဖြစ် အဓိကထား ကစားပေမယ့် လိုအပ်ရင် လိုအပ်သလို ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ်ပါ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက ကွင်းလယ်တိုက်စစ် နေရာမှာ ကစားရင် သွင်းဂိုးတွေပါ သွင်းယူနိုင်စွမ်း ရှိကြောင်းကို အင်္ဂလန် ယူ-၁၉အသင်း အတွက် ၁၁ပွဲ ကစားထားရာမှာ သွင်းဂိုး ၅ဂိုး သွင်းယူရင်း သက်သေပြထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘာစီလိုနာရဲ့ ကင်းထောက်တွေက သူ့ကို သတိပြုမိခဲ့ကြတာ ဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ချူဟွေမီကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ချူဟွေမီကာရဲ့ မိသားစုထံ ချဉ်းကပ်မှုတွေပါ ပြုလုပ်ထားကြောင်း အက်စ်တွန်ဗီလာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ဘာစီလိုနာဟာ ချူဟွေမီကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ချူဟွေမီကာက ဗီလာနဲ့သာ စာချုပ်သစ် မချုပ်ဆိုရင် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပြီး ဘာစီလိုနာက အဆိုပါအချိန်ကို စောင့်ဆိုင်းကာ ချူဟွေမီကာကို ခေါ်ယူချင်နေကြောင်းလည်း သိရပါတယ်။