စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ ရာဖင်ဟာ ၊ လီဝမ်ဒေါစကီး ၊ ခွန်ဒေ ၊ ခရစ်တန်ဆန် ၊ ကတ်ဆီး စတဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူ အားဖြည့်ထားပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားနဲ့ ပတ်သတ်ပြီး ကျေနပ်မှု မရှိသေးတာကြောင့် မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ စီစဉ်နေသေးကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ၁၀နှစ်စာ ရုပ်သံလွှင့်ခကို ရောင်းချမှု ၊ အမေရိကန်ဘဏ်တွေ ကနေ တဆင့် အတိုးနှုန်း သက်သာစွာနဲ့ ငွေချေးထားမှုတို့ကြောင့် သူတို့ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို အထိုက်အလျောက် ဖြေရှင်းထားနိုင်သလို အသင်းရဲ့ လျော့ရဲနေတဲ့ ကစားသမား အင်အားအတွက် ထိပ်တန်း ကစားသမားတွေကိုလည်း ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အမိအရ ခေါ်ယူထားခဲ့ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ဘာစီလိုနာနည်းပြ ဇာဗီက အသင်းရဲ့ လူစာရင်းနဲ့ ပတ်သတ်ပြီး မကျေနပ်နိုင်သေးပဲ အင်နီယေစတာ ထွက်ခွာသွားပြီးနောက်ပိုင်း အားနည်းသွားတဲ့ အသင်းရဲ့ ကွင်းလယ်တိုက်စစ် အတွက် မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒို ဆေးလ်ဗားကို ထပ်မံ ခေါ်ယူချင်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက သူတို့ရဲ့ ကွင်းလယ် အတွက် ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းချဖို့ သဘောတူညီမှု ရထားတဲ့ ဖရန်ကီ ဒီဂျောင်ကို ရောင်းထုတ်ပြီးသွားရင် ဘာနာဒို ဆေးလ်ဗားအတွက် လှုပ်ရှားမှုတွေ စတင် ပြုလုပ်တော့မယ်လို့ သိရပါတယ်။

Photo Credit: Mirror

ဘာစီလိုနာနဲ့ ပတ်သတ်တဲ့ သတင်းတွေဆိုရင် အမြဲတမ်း မှန်လေ့ ရှိတဲ့ ဂျာရတ် ရိုမဲရိုးကလည်း ဘာစီလိုနာဟာ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ကစားသမားနဲ့ရော ၊ မန်ချက်စတာ စီးတီးနဲ့ပါ အပြောင်းအရွှေ့ အတွက် ပဏာမ သဘောတူညီမှု ရယူထားနိုင်ကြောင်း ထပ်မံ အတည်ပြု ဖော်ပြထားပါသေးတယ်။

ဘာနာဒို ဆေးလ်ဗားနဲ့ ရင်းနှီးသူ တချို့ရဲ့ အဆိုအရ ဘာနာဒို ဆေးလ်ဗား အတွက် ဘာစီလိုနာဟာ ငယ်ဘဝ အိမ်မက်ကလပ် ဖြစ်ပြီး ဘာနာဒို ဆေးလ်ဗားက ဘာစီလိုနာဆီ ပြောင်းရွှေ့ကာ ကျောနံပါတ် ၁၀ကို ဝတ်ဆင် ကစားဖို့ စိတ်ကူးအိမ်မက် ရှိနေကြောင်းလည်း သိရှိထားရပါတယ်။