MySport Myanmar

စပိန်ကြယ်ပွင့်လေး နီကို ဝီလီယံစ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဒီနွေဈေးကွက်ထဲ အသင်းရဲ့ ဦးစားပေး ပစ်မှတ်ကစားသမားဖြစ်သူ စပိန်ကြယ်ပွင့် တောင်ပံကစားသမားလေး နီကို ဝီလီယံစ်ကို ခေါ်ယူသွားနိုင်ဖို့အတွက် ကစားသမား အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် စပိန်လက်ရွေးစင် ဘယ်တောင်ပံကစားသမားလေး နီကို ဝီလီယံစ်ဟာ ဘီလ်ဘာအို လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်ပြီး အခုဆိုရင် ဘီလ်အာအို စီနီယာအသင်းအတွက်သာမက စပိန်အသင်းအတွက် အားထားရတဲ့ ကစားသမားကောင်းတစ်ဦးပါ ဖြစ်နေရပါတယ်။

Photo Credit : Football Espana

မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားခဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ယူရိုချန်ပီယံ ဖြစ်ခဲ့တဲ့ ဝီလီယံစ်ဟာ ပြိုင်ပွဲတစ်လျှောက်လုံးမှာ စပိန်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ပေးခဲ့ရရင်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သလို ယူရိုဖိုင်နယ် ပွဲစဉ်ကြီးမှာလည်း သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

တကယ်တော့ ယူရိုပြိုင်ပွဲ မတိုင်ခင်ကတည်းက နီကို ဝီလီယံစ်ကို စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေက အများအပြား ရှိနေခဲ့ပြီး ဒီထဲမှာ ဘာစီလိုနာအသင်းကလည်း ထိပ်ဆုံးနေရာကနေ ပါဝင်နေခဲ့ပါတယ်။ ဘာစီလိုနာက ဝီလီယံစ်ကို ပြီးခဲ့တဲ့ ဈေးကွက်တွေမှာကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ဒီနွေဈေးကွက်ထဲမှာတော့ အရ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

Photo Credit : Barca Blaugranes

ဘယ်တောင်ပံရော ညာတောင်ပံပါ ကစားနိုင်သူ ဝီလီယံစ်ကို ဘာစီလိုနာအပြင် အာဆင်နယ် ချယ်လ်ဆီး လီဗာပူးလ်တို့လို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကပါ စိတ်ဝင်စားလျက် ရှိနေကြပြီး ဘာစီလိုနာထက် လက်ဦးမှု ရယူသွားနိုင်ဖို့ပါ ကြိုးပမ်းလျက် ရှိနေပါတယ်။

ဒါပေမယ့် ကစားသမားရဲ့ ဦးစားပေးအသင်းကလည်း ဘာစီလိုနာအသင်းပဲ ဖြစ်နေတာကြောင့် ဘာစီလိုနာအနေနဲ့ နီကို ဝီလီယံစ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ဖို့က အရမ်းမခက်ခဲနိုင်ပဲ အခုလည်း ဝီလီယံစ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေက အခြေအနေ ကောင်းမွန်လို့နေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ အထမြောက်ဖို့အတွက်ကတော့ ဘီလ်ဘာအိုအသင်းနဲ့ပါ သဘောတူညီမှု ရရှိဖို့ လိုအပ်နေပြီး ဝီလီယံစ်အတွက် သတ်မှတ်ထားတဲ့ ယူရို (၅၈)သန်းတန် စာချုပ်လျော်ကြေးအတိုင်း ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

Exit mobile version