ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ခံစစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲဆီ တန်းဆင်းသွားခဲ့တဲ့ နောရစ်ချ်စီးတီးအသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမားလေး မက်ဇ်အာရွန်စ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် နောရစ်ချ်အသင်းဘက်ကတော့ ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ အင်္ဂလန်ယူ-၂၁အသင်းရဲ့လက်ရွေးစင်ခံစစ်ကစားသမားလေး မက်ဇ်အာရွန်စ်ဟာ ပြီးခဲ့တဲ့ရာသီကမှ နောရစ်ချ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲဦးထွက်ကစားခဲ့ရတာဖြစ်ကာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကိုလည်း ပြသနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အသင်းတွေအပြင် ဘာစီလိုနာ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့လို ဥရောပထိပ်သီးအသင်းတွေကပါ အပြိုင်စိတ်ဝင်စားလာခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူ့ကို ဘာစီလိုနာအသင်းကနေ ခေါ်ယူသွားဖို့ နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် နောရစ်ချ်အသင်းကတော့ သူတို့ကစားသမားကို ရောင်းချသွားဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Goal

Sky Sports သတင်းမီဒီယာရဲ့ဖော်ပြချက်တွေအရ ဘာစီလိုနာအသင်းဟာ အာရွန်စ်အတွက် တစ်ရာသီအငှားစာချုပ်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် စာချုပ်ထဲမှာတော့ အငှားသက်တမ်းပြည့်ချိန်မှာ အပြီးသတ်ခေါ်ယူခွင့်ကို ထည့်သွင်းချုပ်ဆို ကမ်းလှမ်းလာခြင်းမရှိတာကြောင့် နောရစ်ချ်ဘက်ကနေ ပယ်ချသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ကစားသမားနဲ့ သဘောတူညီမှုအထိပါ ရယူနိုင်ခဲ့ပေမယ့် အပြီးသတ်ခေါ်ယူဖို့အတွက် ဆက်လက်ကြိုးပမ်းခြင်းမရှိတော့ပဲ သူတို့ရဲ့ဒုတိယမြောက်ရွေးချယ်မှုဖြစ်တဲ့ အေဂျက်စ်အသင်းရဲ့ လူငယ်နောက်ခံကစားသမားလေး ဆာဂျီနိုဒက်စ်ကိုပဲ ပြောင်းလဲကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ အခုလို ဘာစီလိုနာဘက်ကနေ လက်လျှော့သွားခဲ့တဲ့ နောက်ခံကစားသမားလေး မက်ဇ်အာရွန်စ်အတွက် နောရစ်အသင်းကနေ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀)လောက်အထိ အလိုရှိနေတာဖြစ်ပေမယ့် ဘာစီလိုနာဘက်က လတ်တလောမှာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ အပြီးသတ်ခေါ်ယူဖို့က ခက်ခဲနေတာကြောင့် လက်လျှော့လိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အသင်းရဲ့ Second Choice ဖြစ်တဲ့ ဒက်စ်ကလည်း အေဂျက်စ်နဲ့ (၂)နှစ်သက်တမ်းရှိနေသေးသူဖြစ်ပြီး သူရဲ့တန်ကြေးကလည်း ပေါင်သန်း(၃၀)ဝန်းကျင်လောက်ထိ ရှိနိုင်ပါတယ်။