ဒီနှစ်ဘောလုံးရာသီအတွင်း ဆုဖလားလက်မဲ့ ရာသီတစ်ခုကို ဖြတ်သန်းသွားရတော့မယ့် ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီမှာတော့ အသင်းကို နေရာစုံမှာ တောင့်တင်းနေစေဖို့နဲ့ ပြိုင်ပွဲစုံမှာ ဆုဖလားစိန်ခေါ်မှုတွေ ပြန်လည်လုပ်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ နွေစျေးကွက်ထဲ ကစားသမား အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေရာ အခုလည်း နာပိုလီခံစစ်မှူး ကူလီဘလီကို ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ ဆွေးနွေးမှုတွေ တိုးတတ်လာခဲ့ပြီး နောက်တစ်ဆင့် ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီလို့ စပိန်အခြေစိုက် AS သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Daily Express
ဘာစီလိုနာအသင်းရဲ့ ဗဟိုခံစစ်နေရာမှာ ပီကေး အာရူဟို အမ်တီတီ လွန်းဂလတ် ဂါဆီယာတို့ ရှိနေပေမယ့်လည်း အမ်တီတီ လွန်းဂလတ်တို့ရဲ့ အနာဂတ်က မရေမရာ ဖြစ်နေရသလို ပီကေးကလည်း အသက်(၃၅)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်လို့ ကူလီဘလီလို ခံစစ်စွမ်းရည်ကောင်းတွေ အတွေ့အကြုံကောင်းတွေ ကြွယ်ဝတဲ့ ခံစစ်မှူးမျိုးကို ခေါ်ယူလာချင်တာ ဖြစ်ပါတယ်။ အသက်(၃၀)အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် နောက်ခံကစားသမား ကူလီဘလီဟာ နာပိုလီအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း လာမယ့် ၂၀၂၃ခုနှစ်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ နာပိုလီဘက် သက်တမ်းတိုးဖို့ ကြိုးပမ်းမလား ဒါမှမဟုတ် လာမယ့်စျေးကွက်ထဲမှာ ရောင်းချသွားမလားဆိုတာကို ဆုံးဖြတ်ချက်ချရတော့မှာ ဖြစ်ပါတယ်။
Photo Credit : The Mirror
ဥရောပထိပ်တန်း ကလကပ်အသင်းတိုင်း အလိုရှိနေတဲ့ ကူလီဘလီဟာ ၂၀၁၄ခုနှစ်ကတည်းက ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းကနေ နာပိုလီအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ အသင်းရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ နာပိုလီအသင်းအတွက် ပွဲပေါင်း(၃၀၀)ကျော်လောက်အထိ ပါဝင်ကစားထားခဲ့တဲ့ ကူလီဘလီဟာ နာပိုလီနဲ့ စာချုပ်သက်တမ်းတိုးဖို့က မသေချာသေးသလို သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ အဆင်ပြေနိုင်မယ့် အသင်းကိုပါ ပြောင်းရွှေ့သွားဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိလို့နေတဲ့ ကူလီဘလီကို ဘာစီလိုနာအသင်းက လာမယ့်နွေမှာ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေရာ အဆင်ပြေနေခဲ့ပြီး နောက်ထပ် ဆွေးနွေးမှုတွေလည်း ဆက်လက်လုပ်ဆောင်လျက်ရှိရာ ကစားသမားနဲ့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေပေမယ့်လည်း နာပိုလီဘက်က သူတို့ကစားသမားအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)ကတော့ ဘာစီလိုနာအတွက် အခက်တွေ့ဖွယ် ရှိနိုင်ပါတယ်။