စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အင်္ဂလန် အခြေစိုက် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် လျို့ဝှက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ SPORT သတင်းဌာနက ဖော်ပြသွားပါတယ်။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လက်ရှိမှာ အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်နေပေမယ့် သူ့ရဲ့ ကစားသမားဘဝမှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ စပါးအသင်းကနေ ထွက်ခွာချင်နေတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: SPORT

ဟယ်ရီကိန်းဟာ စပါးအသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး အချိန်မှာ အမြင့်ဆုံး အောင်မြင်မှုတွေကို ရယူဖို့ ရည်မှန်းထားသူ ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ စပါးအသင်းကနေ ထွက်ခွာချင်ကြောင်းကို အရိပ်အမြွက် ဖွင့်ဟ ပြောကြားထားသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် စပါးအသင်းရဲ့ ပြည်တွင်း ပြိုင်ဘက်အသင်းတွေ ဖြစ်တဲ့ မန်ယူအသင်း ၊ မန်စီးတီးအသင်း ၊ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စား နေကြပေမယ့် စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ လီဗိုင်းကတော့ ဟယ်ရီကိန်းကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေသလို မဖြစ်မနေ ရောင်းချရမယ် ဆိုပါကလည်း အခြားနိုင်ငံက အသင်းတွေဆီကိုသာ ရောင်းချချင်နေပါတယ်။

Photo Credit: SPORT

SPORT သတင်းဌာနရဲ့ ဖော်ပြချက် အရ ဘာစီလိုနာအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ ရည်ရွယ်ချက် ထားရှိထားကာ ဟယ်ရီကိန်းကို ခေါ်ယူဖို့လည်း လျို့ဝှက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဖြစ်သူ ဟာလန်းကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေပေမယ့် ဟာလန်းကိုသာ မရရှိိခဲ့ပါက ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် ရည်မှန်းထားပြီး အသင်းကနေ ထွက်ခွာချင်နေတဲ့ ဟယ်ရီကိန်း ၊ ပြည်တွင်းပြိုင်ဘက်တွေထံ ဟယ်ရီကိန်းကို မရောင်းချချင်တဲ့ လီဗိုင်းတို့ကြောင့် ဘာစီလိုနာ အသင်းရဲ့ ကြိုးပမ်းမှုတွေဟာ အရာထင်ဖွယ် ရှိပါတယ်။