ဘာစီလိုနာအသင်းကတော့ လာမယ့်ဘောလုံးရာသီအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုမိုအင်အားတောင့်တင်းနေစေဖို့အတွက် အင်တာမီလန်အသင်းမှာ ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူလို့နေတဲ့ တိုက်စစ်ကစားသမား လူကာကူကို ခေါ်ယူသွားချင်နေတယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Calcio Mercato ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းကို ဖြည့်တင်းသွားဖို့အတွက် မန်စီးတီးအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဆာဂျီယိုအဂွဲရိုးကို ပစ်မှတ်ထားလျက်ရှိနေတဲ့အပြင် အင်တာအသင်းရဲ့ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး လူကာကူကိုပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ အီတလီမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း လူကာကူကတော့ အီတလီစီးရီးအေကို ရောက်ရှိလာပြီးကတည်းက အင်တာအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြလျက် ရှိနေတဲ့အပြင် ဒီနှစ်ရာသီမှာလည်း အသင်းနဲ့အတူ စီးရီးအေချန်ပီယံ ဖြစ်လာဖို့အထိပါ အခြေအနေကောင်းလို့နေပါတယ်။

Photo Credit : Inter

အသက်(၂၇)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား လူကာကူဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ(၃၄)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး (၂၅)ဂိုး သွင်းယူထားခဲ့ကာ ဂိုးဖန်တီးမှုကိုလည်း (၇)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ လူကာကူကို ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်က အသင်းဆီကို အရခေါ်ဆောင်သွားချင်နေပေမယ့် လူကာကူရဲ့ လက်ရှိတန်ကြေးက ယူရိုသန်း(၉၀)လောက်အထိ ရှိနေမှာဖြစ်လို့ ကမ်းလှမ်းဖို့က ခက်ခဲနိုင်မှာဖြစ်သလို အင်တာဘက်ကလည်း သူတို့ရဲ့ အဓိက ကစားသမားကို အသင်းကနေ ရောင်းချဖွယ် မရှိနိုင်ပါဘူး။ ဒါ့အပြင် လူကာကူကို ဘာစီလိုနာအသင်းနဲ့အပြိုင် အဂွဲရိုးရဲ့နေရာမှာ တိုက်စစ်မှူးသစ်တစ်ယောက် ပြန်လည်အစားထိုးရဖို့ ရှိနေတဲ့ မန်စီးတီးအသင်းကနေလည်း ပစ်မှတ်ထားလို့နေတာကြောင့် ကမ်းလှမ်းမှုကို အပြိုင်လုပ်ဆောင်လာရနိုင်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ကတော့ လာမယ့်ရာသီမှာ အသင်းကနေ ကော်တင်ဟို အမ်တီတီ ဂရီးဇ်မန်းတို့လို ကစားသမားတွေ အသင်းကနေ ရောင်းထုတ်သွားဖို့ရှိနေပြီး ဒီကစားသမားတွေကို ရောင်းထုတ်လို့ရတဲ့ ပြောင်းရွှေ့ကြေးတွေကို ကစားသမားသစ် ပြန်လည်ခေါ်ယူရမှာ ပြန်အသုံးပြုသွားမှာဖြစ်ပါတယ်။