MySport Myanmar

အဆန်စီယိုရဲ့ အေးဂျင့် မန်ဒက်စ်ကို ဆက်သွယ်မှုတွေ ပြုလုပ်ထားတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လာမယ့် နွေစျေးကွက်အတွင်းမှာ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားဖြစ်သူ မားကို့အဆန်စီယိုကို free transfer နဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် ကစားသမားရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ထားခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Beyond The Post

အသက်(၂၇)နှစ်အရွယ် စပိန်ကစားသမားလေး အဆန်စီယိုဟာ စပိန်ကလပ် မာယော့ကာအသင်းရဲ့ လူငယ်အကယ်ဒမီကနေ တစ်ဆင့် မာယော့ကာမှာပဲ စီနီယာကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၄ခုနှစ်မှာပဲ ရီးယဲလ်အသင်းဆီကို (၆)နှစ်စာချုပ်နဲ့ ပြောင်းရွေ့လာခဲ့ပါတယ်။ အဆန်စီယိုဟာ ရီးယဲလ်အသင်းမှာ မကစားရသေးခင် မာယော့ကာနဲ့ အက်စပန်ညိုအသင်းတွေဆီ အငှားချထားပြီး ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှသာ ရီးယဲလ်နဲ့ စတင် ကစားခွင့်ရခဲ့ကာ လက်ရှိလည်း ရီးယဲလ်အသင်းနဲ့အတူ သတ္တမမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရင်း ပြိုင်ပွဲစုံ (၂၅၇)ပွဲအထိကို ပါဝင်ကစားထားနိုင်ပါတယ်။

Photo Credit : Barca Blaugranes

ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား (၃)ကြိမ်အထိကို ရယူထားနိုင်ခဲ့တဲ့ စပိန်ညာတောင်ပံကစားသမား အဆန်စီယိုဟာ လက်ရှိမှာ ရီးယဲလ်နဲ့ စာချုပ်သက်တမ်းက လပိုင်းသာ ကျန်ရှိနေတော့ပြီး သက်တမ်းတိုးဖို့ ဆွေးနွေးနေဆဲ ဖြစ်နေချိန်မှာ ဘာစီလိုနာအသင်းကနေ အဆန်စီယိုကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ဆက်သွယ်လာခဲ့ပါတယ်။ စပိန်အခြေစိုက် သတင်းစာတစ်စောင်ဖြစ်တဲ့ Sport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လာမယ့်နွေမှာ ရီးယဲလ်ကနေ အဆန်စီယိုကို free transfer နဲ့ ခေါ်ယူသွားဖို့အတွက် အဆန်စီယိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။ အဆန်စီယိုကလည်း ဒီရာသီမှာ ရီးယဲလ်အတွက် လာလီဂါ(၁၂)ပွဲ ကစားထားခဲ့ရာ အဲ့ဒီထဲကမှ (၃)ပွဲကိုပဲ ပွဲထွက်ကစားခဲ့ရသလို ချန်ပီယံလိဂ် အုပ်စု(၆)ပွဲမှာလည်း (၂)ပွဲတည်းကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားရတာဖြစ်လို့ ကစားခွင့်တွေ ပိုမို ရရှိလာဖို့အတွက် ရီးယဲလ်နဲ့ လက်တွဲဖြုတ်ဖွယ် ရှိလာနိုင်တာကြောင့် ဒီအခြေအနေကို ဘာစီလိုနာဘက်က စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

Exit mobile version