နည်းပြသစ်ရော်နယ်ကိုးမန်းလက်ထက် အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီရဲ့ အကောင်းဆုံးအတွဲအဖက်ဖြစ်သော လူးဝစ်ဆွာရက်ဇ် မရှိတော့တဲ့နောက်ပိုင်း ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ ယခင်ဘာစီလိုနာလိုမျိုး အင်အားကြီးပုံစံမျိုးကို မပြသနိုင်ခဲ့ပဲ လိုအပ်ချက်တွေများစွာနဲ့ ပွဲတိုင်းနီးပါး ရုန်းကန်လို့နေရပြီး လက်ရှိမှာလည်း လာလီဂါပွဲစဉ်(၈)ပွဲ ကစားထားအပြီး ရမှတ်(၁၁)မှတ်သာ ရှာဖွေထားနိုင်ခဲ့ကာ ထိပ်ဆုံးနေရာက ဆိုစီဒက်အသင်းနဲ့ (၁၂)မှတ်အကွာ အဆင့်(၁၂)နေရာကို ရောက်ရှိနေရပါတယ်။

Photo Credit : Twitter

လာလီဂါမှာ ဒီလိုရုန်းကန်နေရတဲ့ ဘာစီလိုနာဟာ ဥရောပစစ်မျက်နှာပြင်မှာတော့ အတော်လေးကို ပုံစံကောင်းပြသလို့နေပြီး ချန်ပီယံလိဂ် အုပ်စုအဆင့် (၄)ပွဲကစားအပြီးမှာ (၄)ပွဲလုံးကို ရာနှုန်းပြည့်အနိုင်ယူထားခဲ့ပြီး ရမှတ်(၁၂)မှတ်နဲ့ (၁၆)သင်းအဆင့်ရှုံးထွက်ကိုတောင် စောစောစီးစီးပဲ တတ်လှမ်းသွားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ် အုပ်စု(G)မှာ ဂျုဗင်တပ်စ် ဒိုင်နမိုကိဗ် ဖယ်ရန်ဖာရိုစ့်အသင်းတွေ တစ်အုပ်စုတည်းကို ကျရောက်ခဲ့တာဖြစ်ပြီး ဒိုင်နမိုကိဗ်ကို နှစ်ကျော့လုံးအနိုင်ရထားသလို ဂျုဗင်တပ်စ်နဲ့ ဖယ်ရန်ဗာရိုစ့်တို့ကိုလည်း အနိုင်ယူထားခဲ့ပါတယ်။

Photo Credit : Twitter

ဘာစီလိုနာအနေနဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ် ဒိုင်နမိုကိဗ်ကို သူတို့ရဲ့အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမယ့် ပွဲစဉ်တွေအတွင်း ခက်ခဲမှုတွေနဲ့ ကြုံတွေ့ရနိုင်သလို သူတို့ရဲ့ဒီရာသီ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့်လည်း ချန်ပီယံလိဂ်မှာပါ ရုန်းကန်ရဖွယ်ရှိနိုင်တယ်လို့ သုံးသပ်မိခဲ့ပေမယ့် တူရင်မှာ ဂျုဗင်တပ်စ်နဲ့ ထိပ်တိုက်တွေ့တဲ့ပွဲကိုလည်း ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရခဲ့သလို ဒိုင်နမိုကိဗ်ကိုလည်း နှစ်ကျော့လုံးမှာ အနိုင်ယူခဲ့ပြီး ယူကရိန်းမြေမှာ ကစားရတဲ့ပွဲမှာဆိုရင်လည်း မက်ဆီပါဝင်ခြင်းမရှိတာကြောင့် (၄)ဂိုးပြတ်အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲတွေ ရယူထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း (၄)ပွဲကစားထားပြီးနောက် ရရှိထားခဲ့တဲ့ ရမှတ်ဟာ လာလီဂါမှာ (၈)ပွဲကစားထားပြီး ရယူထားနိုင်ခဲ့တဲ့ စုစုပေါင်းရမှတ်ထက် (၁)မှတ်တောင် ပိုများနေခဲ့သလို ချန်ပီယံလိဂ်(၄)ပွဲကစားထားအပြီး သွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်ကလည်း လာလီဂါ(၈)ပွဲအပြီး သွင်းယူထားတဲ့ သွင်းဂိုးပေါင်းထက် (၂)ဂိုးသာ လျော့နည်းနေခဲ့ရပါတယ်။ အခုဆိုရင် ဘာစီလိုနာအသင်းဟာ ဖယ်ရန်ဖာရိုစ့် ဂျုဗင်တပ်စ်အသင်းတို့သာ ချန်ပီယံလိဂ်ကို ဆက်လက်ကစားဖို့ ကျန်ရစ်နေတော့တာဖြစ်ပြီး အုပ်စုဒုတိယနေရာက ဂျုဗီကို (၃)မှတ်ဖြတ်ထားနိုင်တာကြောင့် အုပ်စုပထမနေရာအတွက်လည်း အခြေအနေကောင်းလို့နေပါတယ်။