ဘာစီလိုနာအသင်းကတော့ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲမှာ ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယနေရာနဲ့ ရာသီသိမ်းခဲ့ရသလို ဒီရာသီအတွင်း အသင်းရဲ့နောက်ဆုံးသော မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ အခက်အခဲများစွာနဲ့ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ နာပိုလီအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်မှာ စီနီယာကစားသမား(၁၄)ဦးသာ ပါဝင်နိုင်ဖွယ်ရှိနေလို့ အကယ်ဒမီက ကစားသမားတွေကိုပါ ခေါ်ယူရဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ဘာစီလိုနာအသင်းဟာ လာမယ့်သြဂုတ်လ(၈)ရက်နေ့မှာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းနူးကမ့်မှာ နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဒီပွဲကို အသင်းရဲ့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဗီဒယ်နဲ့ဘူးစကတ်စ်တို့က ပွဲပယ်ပြစ်ဒဏ်တွေကြောင့် လွဲချော်ရမှာဖြစ်တဲ့အပြင် နောက်ခံလူအမ်တီတီနဲ့ အာရာဟိုတို့က ဒဏ်ရာပြသာနာအသီးသီးနဲ့ ရင်ဆိုင်နေရသလို မကြာခဏ ဒဏ်ရာရတတ်လေ့ရှိတဲ့ ဒမ်ဘီလီမှာလည်း ကြံခိုင်မှုက မပြည့်ဝသေးတာကြောင့် ဒီကစားသမား(၃)ယောက်လုံးလည်း နာပိုလီနဲ့ပွဲကို လွဲချော်ရဦးမှာဖြစ်ပါတယ်။

Photo Credit : Goal

ပိုဆိုးတာကတော့ အသင်းရဲဲ့ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အာသာမယ်လိုမှာလည်း စပိန်လာလီဂါအပြီး အသင်းကနားရက်ပေးလို့ မွေးရပ်မြေ ဘရာဇီးနိုင်ငံဆီကို ပြန်သွားခဲ့ရာ အသင်းနဲ့ ပြန်လည်ပူးပေါင်းရမယ့် သတ်မှတ်ထားတဲ့ရက်ကိုပါ ကျော်လွန်သွားခဲ့ပြီး အသင်းဘက်ကနေ သတိပေးစကားပြောဆိုလာခဲ့တဲ့အထိ အာသာကတော့ ဘာစီလိုနာကို ပြန်လာဖို့ ငြင်းဆန်ထားခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းမှာ ဂိုးသမားပိုင်းက စတီဂန်နဲ့နက်တို နောက်တန်းမှာ ပီကေး လွန်းဂလတ် ဆီမီဒို အယ်ဘာနဲ့ ဖယ်လ်ပို ကွင်းလယ်မှာ ဒီဂျောင် ရောဘတ်တိုနဲ့ ရာကီတစ် တိုက်စစ်မှာ မက်ဆီ ဆွာရက်ဇ်နဲ့ ဂရစ်ဇ်မန်းတို့ စီနီယာကစားသမား(၁၃)ယောက် (အာသာက အသင်းနဲ့ ပြန်လည်ပူးပေါင်းမလားဆိုတာ မသိရသေးတဲ့အတွက် ၁၃ဦးအဖြစ်သာ သတ်မှတ်ထားရ) သာ ပါဝင်ကစားဖို့ သေချာနေတဲ့အတွက် ဒီရာသီမှာ စီနီယာအသင်းနဲ့ ပွဲထွက်ခွင့်တွေရထားတဲ့ အန်ဆူဖာတီ ရစ်ကီပွတ်ချ်တို့အပြင် နောက်ထပ် လာမာစီယာအကယ်ဒမီက လူငယ်ကစားသမားလေးတွေကိုပါ ချန်ပီယံလိဂ်လူစာရင်းထဲကို ထည့်သွင်းရဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ဆေးစစ်မှုတွေပြုလုပ်အပြီး လေ့ကျင့်ခန်းဆင်းမှုတွေကို လုပ်ဆောင်လာတော့မှာဖြစ်ပါတယ်။