ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး Free Agent ဖြစ်လာတော့မယ့် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆီးကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အရခေါ်ယူသွားဖို့ အလွန်စိတ်ဝင်စားနေတယ်လို့ စပိန်ရေဒီယိုတစ်ခုကနေ ဖော်ပြသွားခဲ့ပါတယ်။
Photo Credit : Daily Mail
လာမယ့်နွေမှာ မီလန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မယ့် အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်ဆီးကို အခု ဆောင်းစျေးကွက်အတွင်းမှာပဲ ကလပ်အသင်းများစွာကနေ Cut-price စျေးနှုန်းတွေနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က သူနဲ့ မီလန်အသင်းတို့ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ဆက်လက်ပါဝင် ကစားချင်နေတာကြောင့် ကမ်းလှမ်းမှုတိုင်းကို ပယ်ချထားခဲ့သလို မီလန်နဲ့ စပါးအသင်းတို့ကြားမှာ ကတ်ဆီးကို ရောင်းချဖို့ သဘောတူညီမှု ရယူထားခဲ့တာတောင် ကတ်ဆီးဘက်ကနေ စပါးကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ထားခဲ့ပါတယ်။
Photo Credit : The Inter Way
ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှသာ စိတ်ကြိုက်အသင်းကို ရွေးချယ်ပြောင်းရွှေ့ချင်တဲ့ ကတ်ဆီးကို ဥရောပ ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားနေကြသလို ဘာစီလိုနာအသင်းကနေလည်း ကတ်ဆီးကို အသည်းအသန် အလိုရှိနေတယ်လို့ စပိန်ရေဒီယိုတစ်ခုက ဖော်ပြလာပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ အဓိကအကျဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ကို လက်လွတ်ရဖွယ် ရှိနေတဲ့အပြင် အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ ဆာဂျီဘူးစကတ်စ် အသက်အရွှယ်ကြောင့် ခြေအကျဘက် ရောက်လာချိန်မှာ ကွင်းလယ်ပိုင်းကို အင်အားတောင့်တင်းနေစေဖို့အတွက် ကတ်ဆီးလို လုပ်အားနှုန်းကောင်းတဲ့ ကွင်းလယ်လူမျိုးကို ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ အီတလီကနေ ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲ သတင်းတွေအရ ဘာစီလိုနာအသင်းက ကတ်ဆီးကို လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် ကစားသမားနဲ့ပါ နှုတ်အားနဲ့ အကြိုသဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ ဖော်ပြထားတာကြောင့် အီတလီမှာသာ ကျင်လည်ခဲ့ဖူးတဲ့ ကတ်ဆီးကို လာမယ့်ရာသီ စပိန်လာလီဂါမှာ စတင်မြင်တွေ့ရဖို့ နီးစပ်လာခဲ့ရပြီ ဖြစ်ပါတယ်။