MySport Myanmar

ပီကေးနဲ့ ဘူးစကတ်စ်တို့ရဲ့ လစာကို ထပ်မံ လျှော့ချပေးဖို့ တောင်းဆိုလာပြန်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လာမယ့် (၁၃)ရက်နေ့မှာ အသင်းရဲ့ ကစားသမားသစ်(၃)ဦးဖြစ်တဲ့ လီဝန်ဒေါစကီး ရာဖင်ညာနဲ့ ခွန်ဒဲတို့ကို လာလီဂါမှာ စာရင်းသွင်းဖို့ လိုအပ်နေပြီး ဒီလို register လုပ်ဖို့အတွက် လက်ရှိ အသင်းရဲ့ လစာအမြင့်မားဆုံး ကစားသမားဖြစ်သူ ဖရန်ကီဒီယောင်းကို ရောင်းထုတ်ဖို့ လိုအပ်နေသလို ဒီယောင်းကို အသင်းမှာ ဆက်ထိန်းထားမယ်ဆိုရင်လည်း အသင်းရဲ့ ဝါရင့်ကစားသမားကြီးတွေဖြစ်တဲ့ ပီကေးနဲ့ ဘူးစကတ်စ်တို့ရဲ့ လစာတွေကို ထပ်မံ လျှော့ချသွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : FC Barcelona Noticias

ဘဏ္ဍာရေး ပြသာနာတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ခေါ်ယူထားတဲ့ ကစားသမားတချို့ကို register လုပ်ဆောင်နိုင်ဖို့ နောက်ခံလူ ပီကေးနဲ့ ကွင်းလယ်လူ ဘူးစကတ်စ်တို့ရဲ့ လစာတွေကို လျှော့ချဖို့ တောင်းဆိုခဲ့ရပြီး ဒီတောင်းဆိုမှုကိုလည်း ဒီကစားသမားကြီးတွေက လက်ခံသွားခဲ့ပါတယ်။ အခုလည်း နွေဈေးကွက်ကမှ ခေါ်ယူထားတဲ့ တိုက်စစ်မှူးကြီး လီဝန်ဒေါစကီး တောင်ပံကစားသမား ရာဖင်ညာနဲ့ နောက်ခံလူ ခွန်ဒဲတို့ကို လာလီဂါမှာ စာရင်းသွင်းနိုင်ဖို့အတွက် ပီကေးနဲ့ ဘူးစကတ်စ်တို့ကိုပါ ထပ်မံပြီး လစာလျှော့ယူပေးဖို့အထိ တောင်းဆိုလာခဲ့ရပြန်ပါတယ်။

Photo Credit : ESPN

တကယ်လို့သာ အခုလို ဘာစီလိုနာအသင်းရဲ့ တောင်းဆိုထားမှုကို ပီကေးနဲ့ ဘူးစကတ်စ်တို့ဘက်ကနေ ငြင်းဆန်ခဲ့မယ်ဆိုရင် ဘာစီလိုနာအတွက် အကြီးအကျယ် ပြသာနာ ဖြစ်လာနိုင်တယ်လို့ သတင်းတချို့ကနေ ဖော်ပြနေကြပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်းဥက္ကဌဖြစ်သူ ယိုဟန်လာပေါ်တာက သူ့အသင်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ကြားက အသင်းအတွက် ကစားသမားသစ်တွေ တပုံတပင် ခေါ်ယူထားပေးနိုင်တာဖြစ်လို့ လက်ရှိ အခြေအနေမျိုးကိုပါ အကောင်းဆုံး ဖြေရှင်းပေးနိုင်ဖွယ် ရှိနေပါတယ်။ လတ်တလောမှာ ဘာစီလိုနာအနေနဲ့ အသင်းမှာ အပိုဖြစ်နေတဲ့ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းကနေ ရှင်းထုတ်သွားဖို့ လုပ်ဆောင်နေပြီး ဒီကစားသမားတွေထဲမှာ မန်ဖစ်ဒီပိုင်း မာတင်ဘရေ့ဝိတ် ဆင်မြူရယ်အမ်တီတီနဲ့ ဂိုးသမားနေတိုတို့ ပါဝင်နေကြပါတယ်။ ဒီကစားသမားတွေအနေနဲ့ အသင်းအပြောင်းအရွှေ့ဖြစ်ဖို့ ခက်ခဲနေမယ်ဆိုရင်လည်း အသင်းကနေ မထွက်ခွာချင်ဘူးလို့ အကြိမ်ကြိမ် ပြောဆိုထားတဲ့ နယ်သာလန် ကွင်းလယ်လူ ဒီယောင်းကို မဖြစ်မနေ ရောင်းထုတ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒီယောင်းကိုတော့ မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ချယ်လ်ဆီးကလည်း အလိုရှိနေပြီး ဒီယောင်းအနေနဲ့ကတော့ ဘာစီလိုနာကနေ ထွက်ခွာရမယ်ဆိုရင် ချယ်လ်ဆီးကိုသာ ရွေးချယ်သွားဖွယ် ရှိနေရပါတယ်။

Exit mobile version