MySport Myanmar

ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ပထမဦးဆုံး ထိချက်မှာပဲ ဂိုးသွင်းနိုင်ခဲ့တဲ့ ဂွီယူ

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ဘီလ်ဘာအိုတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ဘာစီလိုနာက လူစားဝင် လူငယ်ကြယ်ပွင့် ဂွီယူရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဘာစီလိုနာက လာလီဂါ ပွဲစဉ်(၁၀) အဖြစ် ဒီရာသီမှာ ခြေစွမ်းကောင်းနေတဲ့ ဘီလ်ဘာအိုကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရပြီး နှစ်သင်းစလုံးက ရာသီအစမှာ တတ်နိုင်သလောက် ရမှတ်တွေ စုဆောင်းဖို့ ဆုံးဖြတ်ထားတာကြောင့် တောင့်တင်းတဲ့ လူစာရင်းတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။

Photo Credit: Standard

ဘာစီလိုနာက ဖီးလစ်ဇ် ၊ တောရက်စ်တို့ရဲ့ တိုက်စစ်အတွဲကို ထုတ်သုံးလာသလို ဘီလ်ဘာအိုကလည်း ဝီလီယံ ညီအစ်ကို ၂ယောက်ကို တိုက်စစ်မှာ ထားကာ ဘာစီလိုနာကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။ နှစ်သင်းစလုံးက ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကာ လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲက အတော်လေးလည်း ကြည့်ကောင်းခဲ့ပါတယ်။

နှစ်သင်းစလုံးက အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပေမယ့် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ အခက်အခဲတွေ ရှိခဲ့ပြီး အယ်ကလပ်စီကို ဒါဘီပွဲမတိုင်မီ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ကွာခြားချက်ကို ကျဉ်းမြောင်းချင်နေတဲ့ ဘာစီလိုနာနည်းပြ ဇာဗီက ပွဲချိန် ၇၉မိနစ်မှာတော့ ပွဲကို အလှည့်အပြောင်း ဖြစ်စေမယ့် လူစားလဲမှု တခုကို လုပ်ခဲ့ပါတယ်။

Photo Credit: Reuters

အဲ့ဒါကတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား လိုပက်ဇ်ကို ထုတ်ကာ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂွီယူကို ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ ဂွီယူက ဘာစီလိုနာ လူငယ်အသင်းတွေနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ လူငယ် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ယနေ့မှာ ပထမဦးဆုံးအကြိမ် အဖြစ် ဘာစီလိုနာ အတွက် စတင် ကစားခွင့် ရခဲ့တာပါ။

ပွဲချိန် ၇၉မိနစ်မှာ လူစားဝင် ကစားခဲ့ရပေမယ့် ဂွီယူက ကွင်းထဲကို ရောက်ပြီး ၂၃စက္ကန့် အကြာမှာပဲ ဘာစီလိုနာ အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး သူက သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ပထမဦးဆုံး ထိချက်မှာတင် သွင်းဂိုး ရအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version