စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ လတ်တလောမှာ ပြင်သစ်အသင်း အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ကလပ်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာတော့ ရိုနယ်ဒို ၊ ဂရင်းဝုဒ်တို့ရဲ့နောက် တတိယမြောက် ဦးစားပေး တိုက်စစ်မှူးနေရာကို ရောက်ရှိနေပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်ပဲ မာရှယ်ဟာ ယခုပုံစံအတိုင်းသာ ပွဲထွက်ခွင့်တွေ ဆက်လက် ဆုံးရှုံးနေပါက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာ ၊ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်နဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Euro Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်း အတွက် အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေရာ မာရှယ်လို ပင်ကိုယ် အရည်အသွေး ကောင်းမွန်ကာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူးကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Euro Sports

ဘာစီလိုနာအသင်းဟာ မာရှယ်ကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ မာရှယ်အတွက် အငှားကြေး ယူရို ၂သန်း + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ မဖြစ်မနေ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ ကတိသာ ရရင် မာရှယ်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။