လာလီဂါ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း ကို အင်အားဖြည့်တင်းဖို့ အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ နယ်သာလန်ကလပ် ပီအက်စ်ဗွီ အသင်းရဲ့ တောင်ပံ ကစားသမား မေလန်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း သိရပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် ကစားသမား ဖြစ်သူ မေလန်ဟာ ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၇ခုနှစ် မှာ အာဆင်နယ်အသင်း ကနေ ပီအက်စ်ဗွီ အသင်းထံ ပေါင် ၂သိန်းထဲနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Metro

ပီအက်စ်ဗွီအသင်းထံ ရောက်ရှိအပြီးမှာတော့ မေလန်ဟာ ပီအက်စ်ဗွီအသင်း အတွက် စုစုပေါင်း ၇၈ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး ၃၃ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ၁၆ဂိုးအထိ ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ မေလန်ဟာ ဘယ်တောင်ပံ ၊ ညာတောင်ပံနဲ့ အထောင်တိုက်စစ်မှူး နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး လက်ရှိ ဘာစီလိုနာ အသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းဟာ မေလန်ကို နယ်သာလန် အသင်းကြီးမှာ ကစားဖို့ အခွင့်အရေး ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ကိုးမန်းဟာ မေလန်ကို စောင့်ကြည့်ဖို့ ဘာစီလိုနာ အသင်းရဲ့ ကင်းထောက်တွေကို တာဝန် ပေးထားပြီး လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာသာ ဒီပိုင်းကို မခေါ်ယူဖြစ်ပါက မေလန်ကို အစားထိုး ခေါ်ယူဖို့ စဉ်းစားထားကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။

Photo Credit: Metro

လိုင်ယွန်အသင်းနဲ့ နယ်သာလန် အသင်းတို့ရဲ့ ကြယ်ပွင့် ကစားသမား ဒီပိုင်းဟာ ယခုနှစ် ရာသီအကုန်မှာ လိုင်ယွန်အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရှိနေသူပါ။ ဒါ့ကြောင့်ပဲ လိုင်ယွန်အသင်းဟာ ဒီပိုင်းကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး ဒီပိုင်းကတော့ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန် နေပါတယ်။ စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အသင်းဟာ ဒီပိုင်းကို ခေါ်ယူချင် နေပေမယ့် ဒီပိုင်းကို ခေါ်ယူရာမှာ မြင့်မားတဲ့ ငွေကြေးပမာဏကို သုံးစွဲရမယ် ဆိုပါက ဒီပိုင်းအစား မေလန် ကိုသာ ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိထား ရပါတယ်။