စပိန်လာလီဂါရဲ့ နာမည်ကျော်ကလပ် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကစားသမားအင်အားကို ပိုမိုတောင့်တင်းနေစေဖို့အတွက် လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်ချိန်မှာ မန်စီးတီးအသင်းရဲ့ အင်္ဂလန် တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ ရာဟင်စတာလင်ကို ရာသီဝက် အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ မျက်စိကျနေတယ်လို့ SPORT သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Swift Headline

ဘာစီလိုနာအသင်းဟာ နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အရေးအပါဆုံးသော ကစားသမားဖြစ်တဲ့ လီယွန်နယ်မက်ဆီ အပါအဝင် ကစားသမားများစွာကို ဘဏ္ဍာရေး ပြသာနာတွေကြောင့် အသင်းကနေ စွန့်လွတ်ခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂိုးပြတ်ခြေပြတ်နဲ့ကို အရေးနိမ့်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လာမယ့်ဆောင်းစျေးကွက် ပြန်လည်ဖွင့်လှစ်ချိန်မှာ အသင်းကို အားဖြည့်တဲ့အနေနဲ့ မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမား စတာလင်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူသွားချင်နေတာ ဖြစ်တယ်လို့ စပိန်သတင်းမီဒီယာ sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Eurosport

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား စတာလင်ဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေပေမယ့် ဒီနှစ်ဘောလုံးရာသီအတွင်း စပါးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရပြီး နောက်ပိုင်းပွဲစဉ်တွေမှာတော့ အရန်ကစားသမားအဖြစ်နဲ့သာ တောက်လျှောက်ပါဝင်နေရပါတယ်။ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကလည်း အသင်းရဲ့ တောင်ပံတွေမှာ လိဂ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဂျက်ဂရီးလစ်ရှ်ကို နေရာပိုပေးနေတာဖြစ်လို့ စတာလင်ရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ စတာလင်ကို ဘာစီလိုနာအသင်းဘက်က အလိုရှိလာခဲ့ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပိုမိုအားကောင်းလာစေဖို့အတွက် စတာလင်ကို ဇန်နဝါရီလကနေ ဒီနှစ်ဘောလုံးရာသီကုန်ချိန်ထိ အငှားနဲ့ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းက ပြိုင်ပွဲစုံကို အာရုံစိုက်ပြီး ဖလားအားလုံးကိုပါ ပစ်မှတ်ထားတတ်တဲ့ အသင်းဖြစ်လို့ စတာလင်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားမျိုးကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားဖွယ် ရှိနေပါတယ်။