ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် အသင်းရဲ့ နာမည်ကြီး ကစားသမားတချို့နဲ့ပါ လက်တွဲဖြုတ်ရဖွယ် ရှိနေပြီး အသင်းအတွက်ကိုလည်း အငှား ဒါမှမဟုတ် အလွတ်ပြောင်းရွှေ့ကြေးသာသာနဲ့ ကမ်းလှမ်းလို့ရနိုင်တဲ့ ကစားသမားတွေကိုသာ ပြန်လည်ဖြည့်တင်းရဖွယ် ရှိနေတဲ့ ဘာစီလိုနာအသင်းဟာ လတ်တလောမှာလည်း စပိန်ဝါရင့် ကွင်းလယ်ကစားသမားကြီးဖြစ်သူ ဟွမ်မာတာကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Manchester Evening News

အသက်(၃၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်းကြီး မာတာဟာ ဘာစီလိုနာရဲ့ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမားတစ်ဦးဖြစ်ပြီးတော့ ဗလင်စီယာအသင်းနဲ့လည်း စပိန်လာလီဂါမှာ (၄)နှစ်နီးပါး ကျင်လည်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်လို့နေတဲ့ မာတာဟာ အခုနှစ် ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ(၃)ပွဲသာ ပါဝင်ထားရတာကြောင့် သူရဲ့အနာဂတ်က မရေမရာ ဖြစ်လို့နေပြီး ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ မာတာကို ဘာစီလိုနာအသင်းကနေ အလိုရှိနေပြီး အသင်းမှာ အနာဂတ်ပျောက်နေတဲ့ မာတာကို ယူနိုက်တက်ဘက်ကနေ လက်ကျန်(၆)လစာချုပ် ဖျက်သိမ်းပေးဖို့အထိပါ မျှော်လင့်လျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : United in Focus

ဘာစီလိုနာအသင်းဟာ လက်ရှိအသင်းရဲ့ လူစာရင်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် မာတာလို အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို ဆောင်းစျေးကွက်အတွင်းမှာပဲ အရခေါ်ယူချင်နေတာကြောင့် ယူနိုက်တက်အသင်းဘက်ကနေ မာတာနဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင် လဝက်ခန့်အလိုမှာပဲ ကစားသမားရဲ့ စာချုပ်ကို ဖျက်သိမ်းပေးစေချင်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက မာတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့်လည်း ယူနိုက်တက်အသင်းဘက်ကနေ မာတာနဲ့ (၁)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ထပ်မံချုပ်ဆိုခဲ့တာဖြစ်လို့ ဘာစီလိုနာတို့ မာတာကို မခေါ်ယူနိုင်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ နောက်ထပ် ယူနိုက်တက် ကစားသမားတစ်ဦးဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီကိုလည်း အသင်းဆီ အရခေါ်ယူဖို့ ပြင်ဆင်ထားပြီး ဝါရင့်ကစားသမားတွေနဲ့ အသင်းကို ရေတိုအဖြစ် ပြန်လည်ပြင်ဆင်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသငး်ဟာ ဒီရာသီ လာလီဂါ အမှတ်ပေးချန်ပီယံဆုအတွက် ရီးယဲလ်မက်ဒရစ်အသင်းကို အမီလိုက်ဖို့ မလွယ်ကူတော့ပေမယ့်လည်း အဆင့်(၄)အတွင်း ဝင်ရောက်နိုင်သေးတဲ့ အခြေအနေတွေကြောင့် ဆောင်းစျေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းတို့အတွက် ကစားသမားသစ် ဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။