စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗယ်လက်ကာနိုအသင်းနဲ့ ပွဲစဉ်မှာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ် ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေတဲ့ အသင်းတသင်း ဖြစ်ပြီး လာလီဂါပြိုင်ပွဲမှာ ၁၀ပွဲ ကစားထားရာ ၄ပွဲနိုင် ၃ပွဲသရေ ၃ပွဲရှုံး ရလဒ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်၉နေရာ အထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကို လွန်မြောက်နိုင်ဖို့ အတော်လေး ကြိုးစားရမယ့် အနေအထားကို ရောက်ရှိနေပါတယ်။

Photo Credit: Marca

အထူးသဖြင့် ဘာစီလိုနာအသင်းရဲ့ ယခုနှစ် ဘောလုံးရာသီ အဝေးကွင်း စွမ်းဆောင်ရည်ဟာ အတော်လေး ဆိုးရွားနေပြီး အဝေးကွင်း ၅ပွဲ ကစားထားရာ ၂ပွဲသရေ ၃ပွဲရှုံးဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားတာကြောင့် ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဟာ အသင်းနည်းပြ ကိုးမန်းအပေါ် စိတ်ရှည် သည်းခံမှု ကုန်ဆုံးသွားတာလည်း ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ဇာဗီကလည်း ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ဇာဗီဟာ လက်ရှိမှာ ကာတာကလပ် အယ်ဆတ်အသင်းကို ကိုင်တွယ်နေသူ ဖြစ်ပြီး အယ်ဆတ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂ရာသီ အတွင်းမှာ ဆုဖလား ၇လုံး အထိ ရရှိခဲ့သလို သူ့ရဲ့လက်ထက်မှာ အယ်ဆတ်အသင်းရဲ့ ကစားပုံဟာ တချိန်က ဥရောပမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ တီကီတာကာ ကစားဟန် ဖြစ်နေတာကြောင့် ဇာဗီသာ ဘာစီလိုနာအသင်းဆီ ပြန်ရောက်လာပါက ဘာစီလိုနာအသင်းဟာ ယခင်ကလို အောင်မြင်မှုတွေကို ပြန်လည် ရယူနိုင်လိမ့်မယ်လို့ ဘာစီလိုနာ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။