စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ တချိန်က အသင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့် ဘရာဇီးလ် ညာနောက်ခံလူ ဒန်နီအဲလ်ဗက်ကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အသက် ၃၈နှစ် အရွယ် ဝါရင့် ဘရာဇီးလ် ညာနောက်ခံလူ ဒန်နီ အဲလ်ဗက်ဟာ ၂၀၀၈ခုနှစ် ကနေ ၂၀၁၆ခုနှစ် အထိ ဘာစီလိုနာအသင်းမှာ ကစားခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ရွှေခေတ်လို့ ပြောရမယ့် ၂၀၀၉ခုနှစ်နဲ့ ၂၀၁၄ခုနှစ်ကြား ကာလအတွင်းမှာ အဓိက ညာနောက်ခံလူ အဖြစ် အစွမ်းပြခဲ့သူပါ။

Photo Credit: Marca

အဲလ်ဗက်ဟာ ဘာစီလိုနာအသင်းမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၉၁ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၂၁ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀၂ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလား ၃ကြိမ် ၊ လာလီဂါ ၆ကြိမ် ၊ စပိန်ဘုရင့်ဖလား ၅ကြိမ် ၊ စပိန်စူပါဖလား ၄ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၃ကြိမ်နဲ့ ဥရောပ စူပါဖလား ၃ကြိမ်တို့ကို အရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း မကြာသေးမီကမှ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာသူ ဇာဗီက သူ့ရဲ့ အသင်းဖော်ဟောင်း ဒန်နီ အဲလ်ဗက်ကို အသင်းထံ ပြန်လည် ခေါ်ယူပေးဖို့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ထံ တိုက်တွန်း အကြံပေးခဲ့တာ ဖြစ်ပြီး ဇာဗီရဲ့ အကြံပေးချက်ကြောင့် ဘာစီလိုနာအသင်းဟာ ဒန်နီ အဲလ်ဗက်ကို ပြန်လည် ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက သတင်းဌာနတွေကို အတည်ပြု ပြောကြားထားပါတယ်။

Photo Credit: Marca

ဒန်နီ အဲလ်ဗက်ကတော့ သူ နောက်ဆုံး ကစားခဲ့တဲ့ ဆော်အိုပေါ်လိုအသင်း ကနေ ထွက်ခွာခဲ့ပြီးနောက် ဘာစီလိုနာအသင်းထံ ပြန်လာချင်ကြောင်း ဖွင့်ဟ ဝန်ခံထားပြီး ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ယခုတပတ် အတွင်းမှာ အဲလ်ဗက်နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးဖို့ စီစဉ်ထားပြီး တွေ့ဆုံ ဆွေးနွေးမှုသာ အောင်မြင်သွားပါက အဲလ်ဗက်ကို လာမယ့်အပတ်မှာပဲ ဘာစီလိုနာအသင်းရဲ့ ဝတ်စုံနဲ့ ပြန်လည် မြင်တွေ့ရနိုင်ကြောင်း သိရပါတယ်။