စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့် ဥရုဂွေး တိုက်စစ်မှူး ကာဗာနီကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာအသင်းဟာ လုခ်ဒီဂျောင် ၊ အဂူရို ၊ ဘရိတ်ဝိတ် စတဲ့ အထောင်တိုက်စစ်မှူး သုံးဦးကို ပိုင်ဆိုင်ထားပေမယ့် အဂူရိုက နှလုံးရောဂါကြောင့် ဘောလုံးလောက ကနေ အနားယူရဖို့ ရှိနေသလို လုခ်ဒီဂျောင်ကလည်း အငှားစာချုပ် ကုန်ဆုံးရင် သူ့ရဲ့ မူလအသင်း ဖြစ်တဲ့ ဆီဗီးလားအသင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ရှိနေတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

Photo Credit: Marca

အသက် ၃၄နှစ် အရွယ် ဝါရင့် ဥရုဂွေး တိုက်စစ်မှူး ကာဗာနီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်သလို မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သစ် ထပ်မံ မချုပ်ဆိုဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

ကာဗာနီဟာ သူ့ရဲ့ ကစားသမားဘဝ မကုန်ဆုံးမီမှာ ဘာစီလိုနာအသင်းလို စပိန်အခြေစိုက် ထိပ်တန်းအသင်း တသင်းမှာ သွားရောက် ကစားဖို့ ဆန္ဒရှိနေသလို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာလည်း ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း ဥရုဂွေး သတင်းစာတွေက ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြခဲ့ပါတယ်။

Photo Credit: Marca

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းနဲ့ ကာဗာနီတို့ရဲ့ ကြားမှာ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ ရှိနေကြောင်း သိထားရပြီး ကာဗာနီဟာ ဘာစီလိုနာအသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဇာဗီကလည်း ရီးရဲလ်ဘက်တစ်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကာဗာနီက ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ကြောင်း ချီးကျူး ပြောဆိုထားပါတယ်။