MySport Myanmar

မက်ဆီကို ၂၀၂၃ခုနှစ်မှာ ပြန်လည် ခေါ်ယူဖို့ စတင် ဆွေးနွေးနေတဲ့ ဘာစီလိုနာ

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ သူတို့အသင်းကနေ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ကြယ်ပွင့် ကစားသမားဟောင်း လီယွန်နယ် မက်ဆီကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်နဲ့ ပြန်လည် ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး ပီအက်စ်ဂျီဆီ မပြောင်းရွှေ့မီအထိ သူ့ရဲ့ ကစားသမား ဘဝ တခုလုံးကို ဘာစီလိုနာနဲ့သာ ဖြတ်သန်းခဲ့သူပါ။

Photo Credit: Express

မက်ဆီက ဘာစီလိုနာနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၇ကြိမ် အပါအဝင် ဆုဖလားပေါင်း များစွာနဲ့ တကိုယ်တော် ဆုတံဆိပ် များစွာကို ရယူနိုင်ခဲ့သူ ဖြစ်ပြီး အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာနဲ့ အသင်းရဲ့နည်းပြ ဇာဗီတို့က ပီအက်စ်ဂျီနဲ့ မက်ဆီတို့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၃ခုနှစ်မှာ မက်ဆီကို ဘာစီလိုနာဆီ ပြန်ခေါ်နိုင်အောင် ကြိုးပမ်းဖို့ ဆုံးဖြတ်ထားကြပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ မက်ဆီရဲ့ ဖခင်လည်းဖြစ် ၊ အေးဂျင့်လည်း ဖြစ်တဲ့ ဂျော့စ် မက်ဆီတို့ရဲ့ ကြားမှာ ယနေ့မှာပဲ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး ကတ်တလန်တာ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Catalunya Radioက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Express

Catalunya Radioက မက်ဆီနဲ့ အတော်လေး နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်ပြီး Catalunya Radioရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ယနေ့မှာပဲ မက်ဆီရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို စတင် ပြုလုပ်နေပြီး ဂျော့စ် မက်ဆီကလည်း ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ လက်ခံ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီနဲ့ မက်ဆီတို့ရဲ့ ကြားမှာ ရှိနေတဲ့ လက်ရှိစာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပေမယ့် စာချုပ်ပါ အချက်အလက်တွေ အရ ပီအက်စ်ဂျီနဲ့ မက်ဆီတို့ ကြားမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရင် နောက်ထပ် ၁နှစ် ထပ်မံ သက်တမ်းတိုးခွင့် ရှိနေပါသေးတယ်။

Exit mobile version