စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ညာနောက်ခံနေရာကို အင်အားဖြည့်တင်းဖို့ အတွက် ဗီလာရီးရဲလ်ရဲ့ ညာနောက်ခံလူ ဟွမ်ဖွိုက်စ်အား ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးနေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လက်ရွေးစင် ညာနောက်ခံလူ ဟွမ်ဖွိုက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ စပါးကနေ ဗီလာရီးရဲလ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဗီလာရီးရဲလ်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Marca

ဟွမ်ဖွိုက်စ်က ဗီလာရီးရဲလ်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ အဓိက ညာနောက်ခံလူ နေရာကို အပိုင် သိမ်းနိုင်ခဲ့ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ခုအတွင်းမှာ ဗီလာရီးရဲလ် အတွက် ပြိုင်ပွဲစုံ ၇၁ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ညာနောက်ခံလူ နေရာမှာ အားနည်းချက်တွေ ရှိနေတဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ညာနောက်ခံ နေရာအတွက် ဟွမ်ဖွိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဟွမ်ဖွိုက်စ်ရဲ့ အေးဂျင့်ဖြစ်သူဟာ ယနေ့ညနေမှာပဲ ဘာစီလိုနာရဲ့ ရုံးချုပ်ဆီ ရောက်လာခဲ့ကာ ဘာစီလိုနာရဲ့ အဓိက တာဝန်ရှိသူ တဦး ဖြစ်သူ အလီမာနီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ရိုမဲရိုးက ဆိုပါတယ်။

Photo Credit: Marca

ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ အလီမာနီနဲ့ ဟွမ်ဖွိုက်စ်တို့ရဲ့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆန်ခဲ့ပြီး ဟွမ်ဖွိုက်စ်ကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း သိရပါတယ်။

ဗီလာရီးရဲလ်ကတော့ သူတို့အသင်းရဲ့ အဓိက ညာနောက်ခံလူ ဟွမ်ဖွိုက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် တောင်းဆိုဖို့ စဉ်းစားထားပြီး ဘာစီလိုနာကလည်း ဟွမ်ဖွိုက်စ်အတွက် ဗီလာရီးရဲလ်ရဲ့ တောင်းဆိုမှုကို လိုက်လျောဖွယ် ရှိနေပါတယ်။