MySport Myanmar

ကန်ဆယ်လိုကို ခေါ်ယူဖို့ မန်စီးတီးနဲ့ တရားဝင် ဆွေးနွေးနေတဲ့ ဘာစီလိုနာ

စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ ညာနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ရော ၊ မန်ချက်စတာ စီးတီးနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

လာလီဂါရဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပေမယ့် သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အတွက် ဒီနွေမှာ တတ်နိုင်သလောက် အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Goal

ဘာစီလိုနာက ဒီနွေဈေးကွက်ထဲမှာ ဂန်ဒိုဂန် ၊ မာတီနက်ဇ် စတဲ့ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူနိုင်ခဲ့သလို ရိုမီယူနဲ့ ဗစ်တာ ရိုကွေးတို့ကိုလည်း သင့်တော်တဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားနိုင်ပေမယ့် ဘာစီလိုနာရဲ့ နည်းပြချုပ် ဇာဗီကတော့ အသင်းရဲ့ ခံစစ်အစွန်တွေကို အားဖြည့်ချင်နေပါသေးတယ်။

ဘာစီလိုနာက နေရာစုံမှာ လူအင်အား တောင့်တင်းတဲ့ အသင်းကြီး ဖြစ်ပေမယ့် သူတို့ရဲ့ ခံစစ်အစွန် နေရာတွေမှာ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်ပြီး ဇာဗီက ညာနောက်ခံလူတွေ ဖြစ်တဲ့ ရော်ဘတ်တိုနဲ့ ဒက်စ်တို့ နှစ်ဦးစလုံးရဲ့ ခြေစွမ်းတွေကို သဘောမကျတာကြောင့် မန်ချက်စတာ စီးတီးရဲ့ ညာနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: The Sun

အသက် ၂၉နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ခံစစ်အစွန်လူ ကန်ဆယ်လိုက ညာနောက်ခံနဲ့ ဘယ်နောက်ခံ နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းခွင့် ရထားသူပါ။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ယနေ့မနက်ပိုင်းမှာပဲ ကန်ဆယ်လိုကို ခေါ်ယူဖို့ အတွက် အရှိန်အဟုန်မြှင့် ကြိုးစားလာပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ကန်ဆယ်လိုရဲ့ အေးဂျင့်နဲ့ရော ၊ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေနဲ့ပါ တပြိုင်နက်ထဲ တွေ့ဆုံကာ အပြောင်းအရွှေ့ ဖြစ်မြောက်ရေး ကြိုးစားနေပြီး ကန်ဆယ်လိုက ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

Exit mobile version