စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ချယ်လ်ဆီး အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာကို ခေါ်ယူနိုင်ဖို့ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ဝါရင့် စပိန်ညာနောက်ခံလူ အက်စ်ပီလီကွီတာက ချယ်လ်ဆီးရဲ့ အသင်းခေါင်းဆောင် ဖြစ်သလို လက်ရှိအချိန် အထိ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တဦး အဖြစ် ရှိနေသေးပေမယ့် သူ့ရဲ့ လက်ကျန် ကစားသမား ဘဝကို မွေးရပ်မြေ စပိန်နိုင်ငံမှာသာ ကုန်ဆုံးချင်နေသူပါ။

Photo Credit: The Sun

ဒါကြောင့်ပဲ ဒန်နီ အဲလ်ဗက်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ညာနောက်ခံလူ တဦးအား ရှာဖွေနေတဲ့ ဘာစီလိုနာက အက်စ်ပီလီကွီတာကို ခေါ်ယူဖို့ ယခုနှစ် နွေဈေးကွက် စတင်ချိန်ကတည်းက ကြိုးပမ်းခဲ့တာ ဖြစ်ပြီး အက်စ်ပီလီကွီတာကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက အက်စ်ပီလီကွီတာကို ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်သလို အက်စ်ပီလီကွီတာရဲ့ အပြောင်းအရွှေ့ အတွက် ယနေ့မနက် အစောပိုင်းမှာပဲ ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးက သူတို့ရဲ့ အသင်းခေါင်းဆောင် ကွီတာကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်ပေမယ့် ကွီတာရဲ့ ဆန္ဒကို လိုက်လျောပေးဖို့ ဆုံးဖြတ်ထားပြီး ကွီတာအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးဟာ ကွီတာကို ရောင်းချပြီးပါက သူ့ရဲ့နေရာအတွက် အစားထိုးမှု တရပ် အဖြစ် လိုက်ပ်ဇက် နောက်ခံလူ ဂျာဒီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။