MySport Myanmar

ချန်ပီယံလိဂ်ဝင်ခွင့် မရရင် ရောင်းချခံရနိုင်တဲ့ ဂွီမာရက်စ်ရဲ့ တန်ကြေးကို ဘာစီလိုနာ စုံစမ်းနေ

နယူးကာဆယ်အသင်းက ဒီရာသီမှာ Top 4 အတွင်း မဝင်နိုင်လို့ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ရင် အသင်းရဲ့ အဓိက ကစားသမား ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ်ကို ရောင်းထုတ်ဖို့ စဉ်းစားမှာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

စပိန်အခြေစိုက် သတင်းဌာန Diario AS ရဲ့ ဖော်ပြချက်များအရ နယူးကာဆယ် အသင်းက လာမယ့်နွေရာသီမှာ ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ်ကို လျှော့ဈေးနဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဘာစီလိုနာက ပရီးမီးယားလိဂ် အင်အားကြီး အာဆင်နယ်အသင်းနဲ့အတူ ဒီနွေရာသီမှာ ဂွီမာရက်စ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းလာမှာ ဖြစ်ပါတယ်။

Photo Credit : Goal

သတင်းဖော်ပြချက်တွေအရ ဂွီမာရက်စ် ဘာစီလိုနာဆီ ရောက်လာနိုင်ခြေဟာ အသင်းမှာ ဖရန်ကီ ဒီဂျောင်ရဲ့ အနာဂတ်နဲ့ တိုက်ရိုက် ချိတ်ဆက်နေပါတယ်။ ကာတာလန် အခြေစိုက်အသင်းမှာ ဒီဂျောင်၊ ပက်ဒရီ၊ ဂါဗီ၊ ဒါနီ အိုလ်မို၊ မာ့ခ် ကာဆာဒိုတို့အပြင် ဒဏ်ရာရနေတဲ့ မာ့ခ် ဘာနယ်တို့လို ကစားသမားတွေနဲ့ ကွင်းလယ်မှာ အရည်အချင်းတွေ ပြည့်လျှံနေပါတယ်။

သူတို့က ဂွီမာရက်စ်လို ကွင်းလယ်ခံစစ် ကစားသမားကို အတိအကျ မလိုအပ်ပေမယ့်လည်း ဒီဂျောင်က နွေမှာ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး တကယ်လို့ ဒီဂျောင် စာချုပ်သက်တမ်း မတိုးဘူးဆိုရင်နဲ့ အာဆင်နယ်က ဒတ်ချ်လူမျိုးကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ သတင်းတွေကြား ဒီနွေရာသီမှာ ဒီဂျောင် အသင်းကနေသာ ထွက်ခွာသွားမယ်ဆိုရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါတယ်။

Photo Credit : Football Transfer

ဂွီမာရက်စ်ဟာလည်း ပရီးမီးယားလိဂ်က အသင်းကြီး တစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖို့ မကြာခဏ သတင်းတွေ ထွက်ပေါ်နေပြီး အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဒီဘရာဇီးလ်လက်ရွေးစင်ကို စိတ်ဝင်စားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နယူးကာဆယ်က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် ဂွီမာရက်စ်ကို ပေါင်သန်း(၆၀) (ယူရို၇၁သန်း)ဝန်းကျင်နဲ့ ထွက်ခွာခွင့်ပြုသွားနိုင်ပါတယ်။

ဂွီမာရက်စ်ရဲ့ နယူးကာဆယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းနဲ့ စိတ်လှုပ်ရှားဖွယ် အီးအက်ဖ်အယ်လ်ဖလား ခါရာဘောင် လိဂ်ဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။ နည်းပြအက်ဒီ ဟောင်းရဲ့ အသင်းက ပရီးမီးယားလိဂ်မှာတော့ အဆင့်(၆)နေရာမှာ ရှိနေပြီး အဆင့်(၄)က ချယ်လ်ဆီးအသင်းနဲ့ (၄)မှတ်သာ ကွာဟနေပါတယ်။

Exit mobile version