ဘာစီလိုနာအသင်းရဲ့ ဒါရိုက်တာဖြစ်သူ မာသီအူးအယ်လီမန်နီက အသင်းရဲ့ ကစားသမား အူစမန်ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းတို့ကြားမှာ အားလုံး အဆုံးသတ်သွားခဲ့ပြီလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပြီး အခု ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင်မှာပဲ ဒမ်ဘီလီကို အသငး်ကနေ ရောင်းထုတ်သွားမယ်လို့ပါ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Photo Credit : 90Min

မနေ့ကပဲ ဒမ်ဘီလီနဲ့ပတ်သက်ပြီး ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ်က သူရဲ့အမြင်တွေကို ထုတ်ဖော်ပြောဆိုလာခဲ့ကာ ဒမ်ဘီလီအနေနဲ့ အသင်းနဲ့ သက်တမ်းတိုးခြင်း မရှိဘူးဆိုရင် အသင်းကနေ အခုလအတွင်းမှာပဲ ရောင်းထုတ်ခံရမယ်လို့ ယတိပြတ် ပြောဆိုလာခဲ့ပါတယ်။ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီက ဘာစီလိုနာအသင်းမှာ ဆက်လက်ရှိနေချင်တယ်လို့ ပြောဆိုထားခဲ့ပေမယ့်လည်း အသင်းနဲ့ သက်တမ်းတိုးဖို့ ကိစ္စရပ်မှာ ကြန့်ကြာလွန်းနေတာကြောင့် အသင်းဘက်ကနေ သည်းမခံနိုင်တော့ပဲ လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားရဖို့ထက် အခုစျေးကွက်အတွင်းမှာသာ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Twitter

ဒီလို ပြောဆိုမှုတွေအပြီးမှာ ဘာစီလိုနာအသင်း ဒါရိုက်တာ အယ်လီမန်နီကပါ ဒမ်ဘီလီနဲ့ပတ်သက်ပြီး “ဒမ်ဘီလီအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်မနေချင်တော့ဘူးဆိုတာ ရှင်းပါတယ်။ သူက ကျွန်တော်တို့ ပရောဂျက်မှာ မပါဝင်ချင်ပါဘူး။ ကျွန်တော်တို့ဘက်ကတော့ ဒမ်ဘီလီကို အသင်းကနေ ချက်ချင်းထွက်ခွာသွားဖို့ ပြောဆိုထားပါတယ်။ သူ့ကို ဒီဇန်နဝါရီလ (၃၁)ရက်နေ့ မတိုင်ခင်မှာပဲ အသင်းကနေ ရောင်းထုတ်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ အယ်လီမန်နီက သူတို့ဟာ ဒမ်ဘီလီရဲ့ အေးဂျင့်ဖြစ်သူနဲ့ လွန်ခဲ့တဲ့ (၅)လလောက်ကတည်းက စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားခဲ့ပြီး ကလပ်အသင်းဘက်က သူ့ကို အသင်းမှာ ဆက်ထားရှိဖို့ ဆန္ဒရှိခဲ့တာကြောင့်် ဆွေးနွေးမှုတွေ ရှေ့တိုးလုပ်ဆောင်နိုင်ခဲ့ပေမယ့် အခြေအနေတွေက ဘာမှ မထူးခြားလာတော့လို့ အခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်လိုက်ရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒမ်ဘီလီဟာ ဒီနေ့ညမှာ ဘီလ်ဘာအိုအသင်းနဲ့ ရင်ဆိုင်ရမယ့် ကိုပါဒယ်ရေးပွဲစဉ်အတွက် ဘာစီလိုနာအသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခြင်းမရှိလို့ ဒီရက်ပိုင်းအတွင်းမှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်ရနိုင်ပြီး ဒမ်ဘီလီကိုလည်း ကလပ်အသင်းများစွာကနေ အလိုရှိနေပါတယ်။