ပြီးခဲ့တဲ့ ဆောင်းစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ဆီဗီလာအသင်းဆီ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်က ဆီဗီလာအသင်းကို မပြောင်းရွှေ့ခင်က သူ့ကို ဘာစီလိုနာနဲ့ ဂျုဗင်တပ်စ်အသင်းတို့ကနေ ခေါ်ယူချင်ခဲ့ကြတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Anthony Martial 'must give more' after underwhelming Sevilla debut

Photo Credit : 90Min

ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ဒီရာသီ ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်တွေ အတော်လေးကို နည်းပါးလွန်းနေတာကြောင့် ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ လာလီဂါကလပ် ဆီဗီလာအသင်းဆီ ကာလတို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီဗီလာအသင်းဆီ မပြောင်းရွှေ့ခင်က ဘာစီလိုနာ ဂျုဗင်တပ်စ်အသင်းတွေက သူ့ကို ခေါ်ယူဖို့အတွက် ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ မာစီယဲလ်က ပြောဆိုလာခဲ့ပါတယ်။ မာစီယဲလ်က “ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ကျွန်တော်ရဲ့အေးဂျင့်နဲ့ စကားတွေ ပြောဆိုဖြစ်ခဲ့ပါတယ်”

Transfer Talk: Anthony Martial wants to leave Manchester United but what  does the future hold for the forward? | Transfer Centre News | Sky Sports

Photo Credit : Sky Sports

“ဂျုဗင်တပ်စ်အသင်းကလည်း ကျွန်တော့်ကို ခေါ်ယူချင်နေတာကြောင့် တွန်းအားပေးမှုတွေပါ လုပ်ဆောင်ခဲ့ပါသေးတယ်။ အဲ့ဒါက အမှန်ပါပဲ။ ဒါပေမယ့် ဆီဗီလာကတော့ ကျွန်တော်ရဲ့ ဦးစားပေးပါ။ ဒီမှာဆိုရင် ကျွန်တော်က ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားနိုင်တဲ့ အခွင့်အရေးတွေ ပိုရနိုင်ပါတယ်။ ပုံမှန်ကစားခွင့် ရရှိဖို့ ဆိုတာကလည်း ကျွန်တော် အဖြစ်ချင်ဆုံး ဆန္ဒပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ဆီဗီလာအသင်းမှာ ပုံမှန် ပွဲကစားခွင့်တွေ ရရှိပြီးနောက် လာမယ့် နိုဝင်ဘာလမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ဝင်ရောက်ကစားချင်တာကြောင့် အခုလို ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။ မာစီယဲလ်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တဲ့ အသင်းနှစ်သင်းဟာလည်း အပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင်မှာ တခြားတိုက်စစ်မှူးတွေကို အသီးသီး ခေါ်ယူနိုင်ခဲ့ပြီး ဂျုဗင်တပ်စ်က ဆာဘီးယား တိုက်စစ်မှူးလေး ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ခဲ့သလို ဘာစီလိုနာကလည်း ကစားသမားဟောင်း ထရာအိုရေးနဲ့ ဝါရင့်တိုက်စစ်မှူးကြီး အူဘာမီယန်းတို့ကို ခေါ်ယူအားဖြည့်နိုင်ခဲ့ပါတယ်။