စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အူစမာနီ ဒမ်ဘီလီကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီဟာ ၂၀၁၇ခုနှစ်မှာ ဒေါ့မွန်အသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကြားမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Marca

ဘယ်ခြေ ၊ ညာခြေ နှစ်မျိုးစလုံး အားသန်သလို မြန်နှုန်းမြင့် ကစားသမား တဦးလည်း ဖြစ်တဲ့ ဒမ်ဘီလီဟာ ကမ္ဘာ့အဆင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပေမယ့် ဘာစီလိုနာအသင်းဆီ ရောက်ရှိပြီးနောက် ဒဏ်ရာပြဿနာ များစွာနဲ့ ရုန်းကန်ခဲ့ရပြီး အသင်းနဲ့ ၅နှစ်တာကာလ အတွင်းမှာ ၁၂၆ပွဲသာ ကစားနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ကနဦးမှာ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့က ဒမ်ဘီလီကို စာချုပ်သစ် ထပ်မံ မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းထံ နည်းပြဇာဗီ ရောက်ရှိလာပြီးနောက် ဇာဗီရဲ့ တိုက်တွန်း အကြံပေးမှုနဲ့ အတူ ဒမ်ဘီလီကို စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Marca

ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းက ဒမ်ဘီလီကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကမ်းလှမ်းထားပြီး စာချုပ်သစ်မှာတော့ ဒမ်ဘီလီဟာ လက်ရှိ ရနေတဲ့ လုပ်ခလစာထက် များစွာ လျော့နည်းတဲ့ လုပ်ခလစာ တရပ်သာ ရရှိမှာ ဖြစ်သလို သူ့ရဲ့ ပွဲကစားပေးနိုင်မှု အပေါ် မူတည်ပြီး ဆုကြေးတွေ ပေးမယ့် အချက်လည်း ပါဝင်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းနဲ့ ဒမ်ဘီလီရဲ့ အေးဂျင့်တွေကြားမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ အားလုံးဟာ အဆင်ပြေ ချောမွေ့နေပြီး ဒမ်ဘီလီကလည်း ယမန်နေ့မှာပဲ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ဘာစီလိုနာအသင်းရဲ့ တံဆိပ်ကို MY DAY တင်ခဲ့တာကြောင့် မကြာခင်မှာပဲ ဘာစီလိုနာအသင်း အနေနဲ့ ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖွယ် ရှိကြောင်း သုံးသပ်ရပါတယ်။