လာလီဂါရဲ့ ထိပ်သီးအသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်၁၃၇သန်းနဲ့ ခေါ်ယူထားတဲ့ လူငယ် တောင်ပံကစားသမား ဒမ်ဘီလီကို ပြောင်းရွှေ့ကြေး ပေါင်၃၇သန်း ရရှိရုံနဲ့ ရောင်းချသွားတော့မယ်လို့ ဘာစီလိုနာအခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားခဲ့ကြပါတယ်။ ဒမ်ဘီလီ ဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ဘာစီလိုနာအသင်းထံကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပင်ကိုယ်ပါရမီ ကောင်းမွန်သလို ဘာစီလိုနာ အသင်းအတွက် ကစားခွင့်ရတိုင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရာ ပြဿနာ များစွာနဲ့ ကြုံတွေ့ခဲ့ရပြီး ၃နှစ်တာ ကာလအတွင်းမှာ ဘာစီလိုနာအသင်းအတွက် ၇၄ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit: Express.com

ဒမ်ဘီလီရဲ့ ဒဏ်ရာပြဿနာတွေဟာ လက်ရှိ ဘောလုံးရာသီမှာဆိုရင် အတော်လေးကို ဆိုးရွား လာခဲ့ပြီး လာလီဂါပြိုင်ပွဲမှာ ၅ပွဲနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၄ပွဲ စုစုပေါင်း ၉ပွဲသာ ပါဝင် ကစားထားနိုင်ခဲ့ကာ သွင်းဂိုး တစ်ဂိုးသာ သွင်းယူ နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒဏ်ရာပြဿနာ များပြားတဲ့ ဒမ်ဘီလီကို ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေက စိတ်ပျက်လာကြပြီး ကိုရိုနာ ဗိုင်းရပ်ကြောင့် ကြုံတွေ့လာနိုင်တဲ့ ဘဏ္ဏာရေး အကြပ်အတည်းတွေကြောင့် တစ်ပတ်လုပ်ခ ပေါင်၂၀၀၀၀၀အထိ ပေးချေနေရတဲ့ ဒမ်ဘီလီ ကို ရာသီကုန်မှာ ရောင်းချဖို့ စီစဉ်နေတာပါ။ ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေကတော့ ဒမ်ဘီလီရဲ့ ဒဏ်ရာများပြားတဲ့ ပြဿနာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ဒမ်ဘီလီကို မရောင်းချနိုင်မှာကို စိုးရိမ်နေတယ်လို့ ဖွင့်ဟထားကြပါတယ်။

Photo Credit: Express.com

လက်ရှိမှာတော့ စပိန်အခြေစိုက် သတင်းစာတွေက ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို ဝယ်စျေးထက် ပေါင်၁၀၀သန်းတိတိ အရှုံးခံကာ ပြောင်းရွှေ့ကြေး ပေါင်၃၇သန်း ရရှိရုံနဲ့ ရောင်းချမှာဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။ လတ်တလောမှာတော့ ဒမ်ဘီလီကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့က ကြိုးစားနေကြသလို ပြင်သစ်အင်အားကြီး အသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကလည်း မျက်စိကျလို့ နေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဒမ်ဘီလီရဲ့ ကျော်ကြားတဲ့ နာမည်ကြောင့် တရုတ်အသင်း တချို့ကလည်း သူ့ကိုခေါ်ယူဖို့ တိတ်တဆိတ် ကမ်းလှမ်းထားတယ်လို့ စပိန်သတင်းထောက် တစ်ဦးက ဆိုထားခဲ့ပါသေးတယ်။