စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင် အတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှုတွေသာ ရလာခဲ့ရင် ဒီဂျောင်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

သမိုင်းတလျှောက် အဆိုးဝါးဆုံး ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှ စတင်ကာ အသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး ကစားသမားသစ် ခေါ်ယူနိုင်ဖို့ အတွက် သန်းရာနဲ့ချီတဲ့ ငွေကြေးတွေ လိုအပ်နေပါတယ်။

Photo Credit: Marca

ဒါကြောင့်လည်း ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက် ရမယ့် ကစားသမား တချို့ကို ရောင်းထုတ်ဖို့ စီစဉ်ထားပြီး အဆိုပါ ကစားသမားတွေထဲမှာ ဒီဂျောင်လည်း ပါဝင်နေပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ အေဂျက်အသင်း ကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လာပြီးထဲက အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူပါ။

Photo Credit: Marca

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေဟာ လာမယ့် အပြောင်းအရွှေ့ ရာသီတွေမှာ ဒီဂျောင်အတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှုတွေ ရလာဖို့ မျှော်မှန်းထားသလို ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် ရရှိပါက ရောင်းထုတ်ဖို့လည်း ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဒီဂျောင်ကို ခေါ်ယူဖို့ အတွက် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ် ၊ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင်ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှု တချို့ကိုတောင် စတင် ပြုလုပ်နေပါပြီ။