ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းကို (၈)ဂိုး(၂)ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့လိုက်ရတဲ့ ဘာစီလိုနာအသင်းဟာ စံချိန်တင်ခဲ့ရတဲ့ ရှံးနိမ့်မှုကြီးနောက်မှာ အသင်းအတွင်း ပြောင်းလဲမှုများစွာကို လုပ်ဆောင်သွားဖို့အတွက် စတင်ပြင်ဆင်လာခဲ့ပြီး အသင်းနည်းပြဆယ်တီယန် အသင်းဒါရိုက်တာအဘီဒယ်တို့နဲ့ လမ်းခွဲသွားဖွယ်ရှိလာတဲ့အပြင် အသင်းရဲ့အဓိကတိုက်စစ်အတွဲအဖက်ဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်နဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီတို့နဲ့ပါ လက်တွဲဖြုတ်ရဖွယ် ရှိနေပါတယ်။

Photo Credit : GiveMeSport

ဒီရာသီ ဘာစီလိုနာအသင်းရဲ့ကစားသမားတွေအားလုံးထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသထားနိုင်တဲ့ (နှစ်တိုင်းလည်း အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သူ) လီယွန်နယ်မက်ဆီဟာ အသင်းရဲ့လက်ရှိအခြေအနေတွေပေါ်မှာ အတော်လေးကို စိတ်ပျက်လွန်းနေတာကြောင့် သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ၂၀၂၁ခုနှစ်မှာ အသင်းနဲ့လမ်းခွဲဖွယ်ရှိနေတယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ရပါတယ်။ ဒါပေမယ့် မနေ့က ထွက်ပေါ်လာတဲ့သတင်းက ဘာစီပရိသတ်တွေအတွက် ပိုလို့တောင် စိုးရိမ်စရာ ဖြစ်စေခဲ့ရပြီး ဒါကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ မက်ဆီက တောင်းဆိုလာတဲ့ သတင်းဆိုးတစ်ပုဒ်ပဲဖြစ်ပါတယ်။

Photo Credit : Daily Express

မက်ဆီက အသင်းအတွင်း အစစအရာရာ ပြိုကွဲနေမှုတွေအပေါ်မှာ စိတ်ကုန်နေခဲ့ပြီး အသင်းရဲ့ဖလားလက်မဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတဲ့အပေါ်မှာလည်း အားမလိုအားမရဖြစ်နေတဲ့အတွက် အသင်းနဲ့ လမ်းခွဲချင်နေတာလို့ သတင်းဌာနတွေကနေ ထုတ်ပြန်လာခဲ့ပါတယ်။ လတ်တလောမှာလည်း မက်ဆီဟာ အင်တာမီလန်အပြင် နည်းပြဟောင်း ပတ်ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းနဲ့လည်း သတင်းတွေ ထွက်နေပါသေးတယ်။ မက်ဆီသတင်းမတိုင်ခင်မှာ ထွက်ပေါ်ထားခဲ့တဲ့ နောက်ထပ်သတင်းကလည်း Bad News ပါပဲ။ ဒါကတော့ ကိုဗစ်ကာလအတွင်းမှာ စီးပွားရေးအခြေအနေ ဆိုးရွှားထားခဲ့တဲ့ ဘာစီလိုနာအသင်းက လာမယ့်ရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ ငွေကြေးသုံးစွဲဖို့အတွက် အသင်းက ကစားသမားတွေကို ရောင်းထုတ်ရမှာဖြစ်ပြီး အဲ့ဒီအရောင်းစာရင်းထဲမှာ တိုက်စစ်မှူးကြီးဆွာရက်ဇ်ပါ ပါဝင်လာဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းပါ။ ဆွာရက်ဇ်က ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း (၄)နှစ်အထိတောင် ကျန်ရှိသေးသူဖြစ်လို့ ပြောင်းရွှေ့ကြေးအဖြစ် အနည်းဆုံး ယူရိုသန်း(၄၀)လောက်အထိ မျှော်လင့်လို့ရပြီး (ခြေစွမ်းပိုင်းက ကောင်းမွန်နေသေးပေမယ့် အသက်၃၃နှစ်ရှိနေလို့ တန်ကြေးနည်းပါးသွားခြင်းဖြစ်ပါတယ်) ဒီပုံစံအတိုင်းဆိုရင် ဘာစီလိုနာတိုက်စစ်မှာ မက်ဆီနဲ့ဆွာရက်ဇ်အတွဲကို လာမယ့်နှစ်အတွင်း တစ်ယောက်တည်းပဲ တွေ့ရဖို့ ဒါမှမဟုတ် နှစ်ယောက်လုံးကို မတွေ့ရတော့ဖွယ် ရှိနေပါတယ်။