စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက လာလီဂါပြိုင်ပွဲရဲ့ ဒုတိယ ဥက္ကဌဟောင်း နီဂရီရာဆီ ငွေကြေးတွေ လွှဲပေးခဲ့တာကြောင့် မကြာသေးမီကပဲ လာဘ်ထိုးမှုနဲ့ တရားစွဲခံလိုက်ရပြီးနောက် လာဘ်ထိုးခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ရင် ဘောလုံးလောကကနေပါ ထုတ်ပယ်ခံရနိုင်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာက ၂၀၀၂ခုနှစ် ကနေ ၂၀၁၈ခုနှစ် ဝန်းကျင် အထိ လာလီဂါပြိုင်ပွဲရဲ့ ဒုတိယ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ နီဂရီရာရဲ့ ကုမ္ပဏီဆီ ယူရို ၇.၂သန်းကျော် လွှဲပေးခဲ့ပြီး အဆိုပါ ငွေကြေးလွှဲပြောင်းမှုတွေရဲ့ သက်သေတွေကို ပြီးခဲ့တဲ့နှစ်မှာပဲ ဘာစီလိုနာမြို့ရဲ့ တရားရုံးနဲ့ လာလီဂါပြိုင်ပွဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

Photo Credit: The Sun

တရားမဝင် ငွေကြေး လွှဲပြောင်းမှုတွေကို စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် ဘာစီလိုနာတရားရုံးက နီဂရီရာကို လာဘ်စားမှုနဲ့ စွဲချက်တင်ကာ စုံစမ်းမှုတွေ လုပ်နေသလို ဘာစီလိုနာကိုလည်း သက်သေအဖြစ် သတ်မှတ်ကာ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ဘာစီလိုနာကတော့ သူတို့ဟာ လာလီဂါဒိုင်အဖွဲ့ချုပ်ကို ကူညီချင်တာကြောင့် နီဂရီရာဆီ ငွေကြေးတွေ လှူဒါန်းခဲ့တာ ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ထားပေမယ့် လာလီဂါဒိုင်အဖွဲ့ကတော့ ဘာစီလိုနာအသင်း လှူဒါန်းခဲ့တဲ့ ငွေကြေးတွေကို လက်ခံ ရရှိခဲ့ခြင်း မရှိကြောင်း ပြန်လည် ဖြေရှင်းထားပါတယ်။

Photo Credit: Football Transfer

ယမန်နေ့မှာတော့ နီဂရီရာရဲ့ အမှုကို စုံစမ်း စစ်ဆေးနေတဲ့ ဘာစီလိုနာတရားရုံးက ဘာစီလိုနာအသင်းကို လာဘ်ထိုးမှုနဲ့ တရားစွဲလိုက်ပြီး တရားစွဲခံလိုက်ရတာကြောင့် ဘာစီလိုနာအသင်းဟာ လာမယ့် ရုံးချိန်းအသစ်တွေမှာ ဘာစီလိုနာတရားရုံးဆီ သွားရောက်ကာ ဖြေရှင်းမှုတွေ လုပ်ရတော့မှာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ ဘာစီလိုနာတရားရုံးကသာ ဘာစီလိုနာဟာ လာဘ်ထိုးခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ရင် ၂၀၀၂ခုနှစ် ကနေ ၂၀၁၈ခုနှစ် ဝန်းကျင် အထိ နီဂရီရာကို ငွေကြေးလွှဲပေးမှုတွေမှာ ပါဝင် ပတ်သတ်ခဲ့တဲ့ ဘာစီလိုနာရဲ့ တာဝန်ရှိသူ အားလုံးဟာ လာဘ်ထိုးမှုနဲ့ အနည်းဆုံး ၃နှစ် ကနေ အများဆုံး ၆နှစ် အထိ ထောင်နန်းစံရဖို့ ရှိနေသလို ဘာစီလိုနာကလည်း ဘောလုံးလောက ကနေ ဖယ်ရှားခံရနိုင်ပြီး ဘောလုံးလောက ကနေ ဖယ်ရှားခံရရင် ဘာစီလိုနာဟာ ဒေဝါလီ ခံရဖို့ သေချာနေကြောင်း သိရပါတယ်။