ပြင်သစ်လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန် အသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းမှုကိုပါ ထပ်မံပယ်ချမယ့်ချိန်မှာ ဘာပေအနေနဲ့ သူရဲ့အသင်းသစ်အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းကို ရွေးချယ်သွားလိမ့်မယ်ဆိုတာကို ရီးယဲလ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကနေ ယုံကြည်နေတာကြောင့် ဘာပေသာ ရီးယဲလ်ကို ရောက်လာမယ်ဆိုရင် သူတို့အသင်းဘက်ကလည်း ဟာလန်းကို အရခေါ်ယူဖွယ် ရှိနေပါတယ်။

Photo Credit : Youtube

GOAL မီဒီယာရဲ့ ဖေ်ာပြချက်တွေအရ လာမယ့်နွေမှာ ဘာပေကို ရီးယဲလ်အသင်းဘက်ကနေ ခေါ်ယူနိုင်လိမ့်မယ်လို့ ဘာစီလိုနာအသင်းဘက် ယုံကြည်နေသလို ဘာပေသာ သူတို့ရဲ့ ပြိုင်ဘက်အသင်းဆီ ရောက်ရှိသွားမယ်ဆိုရင် လက်ရှိမှာ ဘာပေနဲ့ အသက်အရွှယ်ရော အရည်အသွေးချင်းပါ မတိမ်းမယိမ်း ဖြစ်လို့နေတဲ့ နော်ဝေ တိုက်စစ်မှူးလေး အာလင်းဟာလန်းကို ခေါ်ယူဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ အူဘာမီယန်း ဖယ်ရန်တောရက်စ် ထရာအိုရေး ဒီပိုင်း လုခ်ဒီဂျောင် အန်ဆူဖာတီ ဒမ်ဘီလီနဲ့ ဘရေ့ဝိတ်တို့လို တိုက်စစ်ကစားသမား အများအပြား ရှိနေပေမယ့်လည်း ဒီပိုင်း ဒီဂျောင် ဒမ်ဘီလီနဲ့ ဘရေ့ဝိတ်တို့ကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေပြီး အသင်းမှာ အထောင်တိုက်စစ်နေရာအတွက် အရည်အသွေး အပြည့်ရှိတဲ့ No.9 တိုက်စစ်မှူးကို လိုချင်နေတာကြောင့် ဟာလန်းကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Youtube

အသက်(၂၁)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းက ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ပါဝင်နေစဉ်မှာပဲ သူရဲ့ တိုက်စစ်အရည်အသွေးကောင်းတွေကို ပြသနိုင်ခဲ့လို့ ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ရောက်ရှိလာချိန်မှာလည်း သူရဲ့ အပြောင်မြောက်ဆုံး စွမ်းဆောင်မှုတွေကို ပိုမိုပြသလာနိုင်ခဲ့တာကြောင့် သူ့ကို ဥရောထိပ်သီး အသင်းကြီးတွေက အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့လာတုန်းက စာချုပ်ထဲမှာ ၂၀၂၂ခုနှစ် နွေစျေးကွက်အတွင်း ဟာလန်းရဲ့ စာချုပ်လျော်ကြေး ယူရို(၇၅)သန်းက စတင်သက်ရောက်မှု ရှိရမယ်လို့ သဘောတူထားခဲ့တာကြောင့် လာမယ့်နွေမှာပဲ ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ ယူရို(၇၅)သန်းနဲ့ အပြိုင်ကမ်းလှမ်းရမှာ ဖြစ်ပါတယ်။ ဒီလို ဟာလန်းကို ကမ်းလှမ်းကြမယ့် အသင်းတွေထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်နိုင်ဖွယ် ရှိနေသလို ဟာလန်းရဲ့အေးဂျင့်ဖြစ်တဲ့ ရွိုင်ယိုလာနဲ့ ဘာစီလိုနာအသင်းကြားမှာကလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတဲ့အတွက် ဟာလန်းကို ခေါ်ယူဖို့က အခြားအသင်းတွေထက် ဘာစီလိုနာက ပိုအခြေအနေကောင်းလာနိုင်ပါတယ်။ ဒါကြောင့် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ခေတ်အလွန် ဘာပေ ဟာလန်းတို့ရဲ့ အားပြိုင်မှုတွေကို စပိန်လာလီဂါပြိုင်ပွဲမှာ မြင်တွေ့လာရဖွယ် ရှိလာနိုင်ပါတယ်။