စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဆော်အိုပေါ်လိုအသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေတဲ့ သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဒန်နီအဲလ်ဗက်ကို ပြန်လည် ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၃၈နှစ် အရွယ် ဘရာဇီးလ် ညာနောက်ခံလူ ဒန်နီအဲလ်ဗက်ဟာ ဘာစီလိုနာအသင်းနဲ့ အတူ အောင်မြင်မှုပေါင်း များစွာ ရရှိခဲ့တဲ့ ကစားသမား တဦး ဖြစ်သလို သူ ထွက်ခွာသွားပြီး နောက်ပိုင်းမှာ ညာနောက်ခံ နေရာဟာ ဘာစီလိုနာအသင်းရဲ့ အားနည်းချက် တခုလို ဖြစ်လာခဲ့ပါတယ်။

Photo Credit: Bein Sports

ဘာစီလိုနာအသင်းဟာ အဲလ်ဗက် မရှိတော့တဲ့နောက် ဆာဂျီ ရော်ဘတ်တို ၊ အယ်လ်ဘာ စတဲ့ ကစားသမားတွေကို ညာနောက်ခံ နေရာမှာ ပြောင်းရွှေ့ ကစားခိုင်းခဲ့သလို ဆာဂျီနို ဒက်စ်လို အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် ကစားသမားကိုပါ ခေါ်ယူခဲ့ပေမယ့် လက်ရှိအချိန် အထိ အဲလ်ဗက်ရဲ့ အကျိုးပြုမှုကို လိုက်မှီခဲ့တဲ့ ကစားသမား ရှိမနေခဲ့ပါဘူး။

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းဟာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဒန်နီအဲလ်ဗက်ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး နာမည်ကျော် သတင်းထောက် တဦး ဖြစ်သူ ဒိုမီနက်ချ် ကတော့ ဘာစီလိုနာအသင်းနဲ့ အဲလ်ဗက်တို့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Bein Sports

ဒိုမီနက်ချ်ရဲ့ ပြောကြားချက်အရ ဒန်နီအဲလ်ဗက်ဟာ ဘာစီလိုနာအသင်းဆီ လာရောက် ကစားချင်ကြောင်း စတင် အသိပေးခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေကလည်း အဲလ်ဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကာ နှစ်ဦးနှစ်ဖက်ကြားမှာ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကြောင်းနဲ့ လာမယ့် ရက်ပိုင်း အတွင်း အဲလ်ဗက်ရဲ့ အပြောင်းအရွှေ့ အတွက် တိကျတဲ့ အဖြေတခုကို သိရဖွယ် ရှိကြောင်း သိရှိရပါတယ်။