MySport Myanmar

ဂရင်းဝုဒ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးခဲ့တဲ့ ဘာစီလိုနာနဲ့ ယူနိုက်တက်

စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ကနေ ဂီတာဖေးဆီ အငှားနဲ့ လာရောက် ကစားရင်း ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ခဲ့ကြောင်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန်-ဂျမကာ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက လူမှုရေးပြဿနာ တချို့ကြောင့် မန်ချက်စတာ ယူနိုက်တက် ကနေ ဂီတာဖေးဆီ အငှားနဲ့ လာရောက် ကစားနေရသူပါ။

Photo Credit: Standard

ဂရင်းဝုဒ်က ဘယ်ခြေ ၊ ညာခြေ နှစ်မျိုးစလုံးကို ကောင်းကောင်း အသုံးပြုနိုင်တဲ့ ရှားပါးတိုက်စစ်မှူး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဂီတာဖေး အတွက် ပြိုင်ပွဲစုံမှာ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပါတယ်။

ဂရင်းဝုဒ်က သူ ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ဘာစီလိုနာ အပါအဝင် စပိန်လာလီဂါရဲ့ ထိပ်သီးကလပ်တွေက ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ဂရင်းဝုဒ်ကို ပြန်ခေါ်ရင် အမျိုးသမီးပရိသတ်တွေရဲ့ သပိတ်မှောက်မှုကို ခံရနိုင်တာကြောင့် လာမယ့် နွေဈေးကွက်မှာ ဂရင်းဝုဒ်ကို ရောင်းချချင်နေပါတယ်။

Photo Credit: Football 365

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒေကိုနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အားကစားရေးရာ တာဝန်ရှိသူ မားသော့ချ်တို့က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ လူချင်းတွေ့ဆုံကာ ဂရင်းဝုဒ်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရှိရပါတယ်။

ဘာစီလိုနာက ဂရင်းဝုဒ်ကို ခေါ်ယူချင်နေပေမယ့် ယူနိုက်တက်ရဲ့ ခေါ်ဈေးကို ပေးချေနိုင်ဖို့ ခက်ခဲနေပြီး ဘာစီလိုနာနဲ့ နီးစပ်သူ တချို့ကတော့ ဘာစီလိုနာဟာ ဂရင်းဝုဒ်ကို ကစားသမား အလဲအထပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ယူနိုက်တက်ကလည်း ဘာစီလိုနာရဲ့ လူငယ် ကစားသမား တချို့ကို ခေါ်ယူချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ ကြားထဲမှာ ကစားသမား အလဲအထပ် လုပ်တာမျိုး မြင်တွေ့ရနိုင်ကြောင်း ဆိုထားကြပါတယ်။

Exit mobile version