စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ကစားသမား ဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေပေမယ့် ယခုအချိန်အထိ ဂိုးသွင်းစွမ်းရည် မကျသွားသေးပဲ အကောင်းဆုံးခြေစွမ်းတွေကို ပြသထားနိုင်သူပါ။

Photo Credit: The Sun

လီဝမ်ဒေါစကီးဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ပွဲ၄၀ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၆ဂိုး အထိ သွင်းယူပေးထားနိုင်ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ကာ သူ့ရဲ့ ဂိုးပါဝင် ပတ်သတ်မှုနှုန်းက တပွဲ ၁ဂိုးနှုန်းအထက် ရှိနေပါတယ်။

ဒါကြောင့်ပဲ လီဝမ်ဒေါစကီး တယောက် ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေရာချိန်မှာ ဘာစီလိုနာက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းလာတာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေနဲ့ လီဝမ်ဒေါစကီးရဲ့ အေးဂျင့်ဖြစ်သူ ဇာဟာဗီတို့ရဲ့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး စပိန်သတင်းထောက် မော်ရီနိုက ဆိုပါတယ်။

Photo Credit: The Sun

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည်စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း လီဝမ်ဒေါစကီးနဲ့ ဘာစီလိုနာတို့ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်းကို အတည်ပြုပေးထားပြီး လီဝမ်ဒေါစကီးက သူ့ကို ခေါ်ယူချင်ရင် ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းဖို့ပါ တောင်းဆိုထားကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို အစောတလျင် မရောင်းချချင်ပေမယ့် စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် ရရှိရင် လီဝမ်ဒေါစကီးကို ရောင်းချဖွယ် ရှိနေပါတယ်။