စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေဈေးကွက် မပိတ်သိမ်းမီ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားနေရာ မန်ချက်စတာ ယူနိုက်အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြကိုးမန်းက ယခုနှစ် နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် တဦး ထပ်မံ ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုနေတာကြောင့် ဘာစီလိုနာအသင်းဟာ ဈေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ် တဦး ရှာပုံတော် ဖွင့်နေပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့တာကြောင့် လက်ရှိမှာတော့ ရေတိုအတွက် အသုံးဝင်နိုင်သလို ဈေးချိုကာ အရည်အသွေးမြင့်တဲ့ တိုက်စစ်မှူး တဦးကို ရှာဖွေနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ သူတို့ လိုချင်နေတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ ကစားသမား တဦးပါ။

နာမည်ကြီး ကတ်တလန်တာ သတင်းထောက် တဦး ဖြစ်သူ ဂျာရတ် ရိုမဲရိုရဲ့ ဖော်ပြချက်အရ ကာဗာနီ အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကြားမှာ ဆွေးနွေးမှုတွေဟာ အတော်လေး ခရီးရောက်နေပြီး ကာဗာနီရဲ့ လုပ်ခလစာ ပြဿနာကိုသာ ဘာစီလိုနာအသင်းက ဖြေရှင်းနိုင်ခဲ့ပါက ကာဗာနီဟာ ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ် ဖြစ်လာနိုင်ကြောင်း သိရပါတယ်။

Photo Credit: Goal

ကာဗာနီဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တပတ်လုပ်ခ ပေါင် ၂သိန်းနီးပါး ရရှိနေသူ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ကျပ်တည်းနေတဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် အကယ်၍ ကာဗာနီကသာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါက လစာ လျှော့ယူရဖွယ် ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ကာဗာနီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃သန်း ဝန်းကျင် လိုချင်နေပါတယ်။