MySport Myanmar

အူဘာကို တဖန် ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ တိုက်စစ်မှူး ပီယာအန်းမရစ်ခ်အူဘာမီယန်းကို လာမယ့် နွေရာသီမှာ ပြန်လည် ခေါ်ယူသွားဖို့ ချိန်ရွယ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အူဘာမီယန်းဟာ ဒီနှစ် နွေဈေးကွက်ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာပဲ ဘာစီလိုနာကနေ ချဲလ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၀)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ဆရာသမားဟောင်း သောမတ်စ်တူဟယ်လ်နဲ့ ပြန်လည် လက်တွဲဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။ ဒါပေမယ့် အူဘာက တူဟယ်လ်နဲ့ ပြန်လည် မပူးပေါင်းရခင်မှာပဲ တူဟယ်လ် အထုတ်ခံလိုက်ရပြီး နည်းပြသစ် ဂရေဟမ်ပေါ်တာ လက်အောက်မှာတော့ အသင်းရဲ့ ချန်ပီယံလိဂ် ကစားသမားစာရင်းကပါ ဖယ်ရှားခံထားရသလို အခု ၂၀၂၃ခုနှစ်ထဲမှာလည်း တစ်ပွဲမှကို ပွဲထွက်ကစားသမားအဖြစ် မကစားရသေးပဲ (၁၂၃)မိနစ်သာ ကစားထားခဲ့ရပါတယ်။

Photo Credit : Twitter

ဒီလို အခြေအနေတွေကြောင့် ဂါဘွန်လက်ရွေးစင် ကစားသမားက လန်ဒန်မြေကနေ နောက်တစ်ကြိမ် ပြန်လည် ထွက်ခွာသွားဖို့ ဆန္ဒရှိလာခဲ့ပြီး သူ့ကိုလည်း ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး အနည်းငယ်လေးနဲ့ ပြန်လည် ခေါ်ယူသွားချင်နေတယ်လို့ စပိန်သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ် ကစားသမား အူဘာမီယန်းက ပြီးခဲ့တဲ့ Sunday က ကျင်းပခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ El Clasico ပွဲစဉ်ကို သွားရောက် ကြည့်ရှုခဲ့တဲ့အပြင် နိုင်ပွဲ ရခဲ့တဲ့ သူရဲ့ဘာစီလိုနာ အသင်းဖော်ဟောင်းတွေနဲ့အတူ နူးကမ့် အဝတ်လဲခန်းအတွင်း အောင်ပွဲခံခဲ့ပါသေးတယ်။

Photo Credit : The Sun

အူဘာမီယန်းဟာ ဘာစီလိုနာ ကစားသမားတချို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေပြီး အထူးသဖြင့် သူနဲ့အတူ ဒေါ့မွန်မှာရော ဘာစီလိုနာမှာပါ တွဲကစားခဲ့ဖူးသူ ဒမ်ဘီလီနဲ့ ဆက်ဆံရေးကောင်းတွေ ပိုရှိနေပါတယ်။ ဘာစီလိုနာကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက အူဘာကို ပြန် ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပြီး လာလီဂါဘက်က တားမြစ်ခဲ့လို့သာ မခေါ်ယူနိုင်ခဲ့ရာ လာမယ့်နွေမှာတော့ အတော်လေး သက်သာမယ့် တန်ကြေးမျိုးနဲ့ ခေါ်ယူဖို့ ရှိနေသလို ချဲလ်ဆီးဘက်ကလည်း ကစားသမား ရှင်းလင်းရေး လုပ်ဆောင်ဖို့အတွက် အူဘာကို ရှင်းထုတ်ဖွယ် ရှိနေပါတယ်။

Exit mobile version