ဘာစီလိုနာအသင်းဟာ လတ်တလော ရင်ဆိုင်နေရတဲ့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကို ဟန်ချက်ညီသွားဖို့အတွက် အသင်းရဲ့ အရေးပါဆုံးသော ကစားသမားတစ်ဦးဖြစ်တဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းထုတ်ဖွယ် ရှိလို့နေပြီး ဒီဂျောင်ကို အမှန်တကယ် အလိုရှိနေတဲ့ မန်စီးတီးအသင်းဘက်ကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိနေပါတယ်။

Photo Credit : The Athletic

အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒီဂျောင်ဟာ ၂၀၁၉ခုနှစ်ကမှ အေဂျက်စ်ကနေ ဘာစီလိုနာအသင်းဆီကို ယူရို(၇၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘာစီလိုနာရဲ့ ကွင်းလယ်ပိုင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းက လက်ရှိမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ကစားသမားသစ် တချို့ကို ခေါ်ယူရာမှာလည်း အသုံးစရိတ် လိုအပ်နေတဲ့အတွက် အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဒီဂျောင်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ပြန်လည်ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : SPORT

ဘာစီလိုနာကစားသမားဘဝ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေရတဲ့ ဒီဂျောင်ဟာ လက်ရှိမှာ အသင်းအတွက် ပွဲပေါင်း(၁၀၆)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၉)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲအထိ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ဘောလုံးထိန်းချုပ် ကောင်းမွန်တဲ့ ဒတ်ချ်ကွင်းလယ်လူ ဒီဂျောင်ကို လက်ရှိမှာ ဘာစီလိုနာနည်းပြဟောင်း ပတ်ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကနေ စိတ်ဝင်စားလျက် ရှိလို့နေပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် ဝါရင့်ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုရဲ့နေရာမှာ ဒီဂျောင်နဲ့ အစားထိုးချင်နေသလို စတာလင်နဲ့ဒီဂျောင် ကစားသမားချင်း အလဲအထပ်မျိုးကို လုပ်ဆောင်သွားဖို့ စဉ်းစားနေတယ်ဆိုပြီး စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီဂျောင်ရဲ့ လတ်တလော တန်ကြေးက ယူရိုသန်း(၉၀)အထိ ရှိနေတယ်လို့ Transfermarket ကနေ ဖော်ပြလာခဲ့ပေမယ့် သူရဲ့စာချုပ်သက်တမ်းက ၂၀၂၆ခုနှစ်အထိ ကျန်ရှိနေသေးတာကြောင့် ဒီဂျောင်အတွက် ဘာစီလိုနာဘက်ကနေ ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး ယူရိုသန်းတစ်ရာအဖြစ် သတ်မှတ်လာနိုင်ပါတယ်။