စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ဘိုင်ယန်မြူးနစ်အသင်းကို နူးကမ့်ကွင်းမှာ ဧည့်ခံကစားခဲ့တဲ့ ပွဲစဉ်မှာ ဆိုးရွားတဲ့ ခြေစွမ်းနဲ့အတူ အရှက်တကွဲ အရေးနိမ့်ခဲ့တာကြောင့် နည်းပြကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

နူးကမ့်ကွင်းမှာ ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ဧည့်သည် ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားခဲ့ကာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး ဘာစီလိုနာအသင်း ကတော့ ဂိုးပေါက်တည့်ကန်ချက် တကြိမ်တောင် မပြုလုပ်နိုင်ခဲ့ပါဘူး။

Photo Credit: Team Talk

အဆိုပါပွဲစဉ်ဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် ဂိုးပေါက်တည့်ကန်ချက် မပြုလုပ်နိုင်တဲ့ ပထမဦးဆုံး ချန်ပီယံလိဂ်ပွဲ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ လာပေါ်တာ ဦးဆောင်ကာ အသင်းရဲ့ တာဝန်ရှိသူ တချို့ဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပစ်ဖို့ ဆွေးနွေးခဲ့ကြောင်း နာမည်ကျော် စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အရေးပေါ် အစည်းအဝေးတခု ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှာတော့ ဘုတ်အဖွဲ့ဝင် အများအပြားဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြကာ အချို့ ဘုတ်အဖွဲ့ဝင်တွေ ကတော့ ကိုးမန်းကို အချိန်ပေး စောင့်ကြည့်ဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

Photo Credit: Team Talk

ဘာစီလိုနာအသင်းဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်လိုက်ပါက လျော်ကြေးအနေနဲ့ ယူရို ၁၂သန်း အထိ ပေးချေရဖို့ ရှိနေပြီး ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ကာလတခုမှာ နည်းပြတဦးကို ယူရို ၁၂သန်း ပေးကာ ထုတ်ပယ်ဖို့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ လာပေါ်တာက လက်တွန့်နေပြီး လာပေါ်တာနဲ့ ဘာစီလိုနာ ဘုတ်အဖွဲ့ဟာ ကိုးမန်းကို နောက်ထပ် ၃ပွဲ အချိန်ပေးဖို့ သဘောတူခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90Min သတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖြစ်ပါက အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေပါတယ်။