စပိန်နိုင်ငံအခြေစိုက် SPORT သတင်းစာရဲ့ သတင်းဖော်ပြချက်တွေအရ ဘာစီလိုနာအသင်းဟာ ဒီနှစ်နွေမှ လိဒ်စ်ယူနိုက်တက်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ညာရဲ့ ခြေစွမ်းပိုင်းတွေ တိုးတတ်လာခဲ့ခြင်း မရှိပါက လာမယ့်နွေမှာပဲ အသင်းကနေ ပြန်ရောင်းထုတ်ဖွယ် ရှိလာနိုင်တယ်လို့ သိရပါတယ်။

Raphinha has struggled to settle since arriving at the Nou Camp

Photo Credit : The Sun

ဘာစီလိုနာအသင်းဟာ အသက်(၂၆)နှစ်အရွယ်ရှိ ဆမ်ဘာ တောင်ပံကစားသမား ရာဖင်ညာကို အာဆင်နယ် ချယ်လ်ဆီး စပါးတို့လို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတွေနဲ့အပြိုင် ခေါ်ယူခဲ့ရတာဖြစ်ပြီး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၅၅)သန်းအထိလည်း အသုံးပြုခဲ့ရပါတယ်။ ရာဖင်ညာက ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပွဲတိုင်းနီးပါး ပါဝင်ခွင့်ရခဲ့ပြီး လက်ရှိအချိန်ထိလည်း ပြိုင်ပွဲစုံ ပွဲပေါင်း(၂၃)ပွဲ ကစားထားရပေမယ့်လည်း သူရဲ့သွင်းဂိုးက(၂)ဂိုးတည်းသာ ရှိထားသေးသလို အသင်း နောက်ဆုံးကစားထားတဲ့ လာလီဂါ (၅)ပွဲလုံးမှာလည်း စုစုပေါင်း (၈၂)မိနစ်တည်းသာ ကစားထားခဲ့ရပါတယ်။

Photo Credit : TEAMtalk

ရာဖင်ညာက ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လိုက်ပါ ဆင်နွဲခဲ့ရပြီး ပွဲအားလုံး ကစားခဲ့ရပေမယ့် ဘရာဇီးလ်အတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ တစ်ကြိမ်မှ မလုပ်ဆောင်နိုင်သလို ခြေစွမ်းပြသဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။ အခုလည်း လာမယ့်နွေမတိုင်ခင်မှာ ရာဖင်ညာအနေနဲ့ သူရဲ့လက်ရှိ form ကို တိုးတတ်မှုတွေ ရှိလာအောင် ကြိုးပမ်း လုပ်ဆောင်သွားဖို့ လိုအပ်နေပြီး ဒီလိုမှ မဟုတ်ရင်တော့ ဘာစီလိုနာအသင်းအနေနဲ့ သူ့ကို အသင်းကနေ ပြန်လည် ရောင်းထုတ်လာနိုင်တယ်လို့ SPORT သတင်းစာက ဖော်ပြလာခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့ နောက်ဆက်တွဲ သတင်းတွေအရ ပေါင်(၅၅)သန်းလောက်အထိ သုံးစွဲပြီး တခြားသော ကလပ်အသင်းတွေနဲ့အပြိုင် ခေါ်ယူခဲ့ရတဲ့ ရာဖင်ညာဆီကနေ ဘာစီလိုနာနည်းပြဇာဗီနဲ့ နည်းပြအဖွဲ့ဝင်တွေက များစွာမျှော်လင့်ထားခဲ့တာဖြစ်လို့ လက်ရှိ ရာဖင်ညာ form ကြောင့် စိတ်မရှည် ဖြစ်လာခဲ့ရတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်အခင်းအကျင်းမှာကလည်း ကစားသမားအရေအတွက် များစွာ ရှိလို့နေတာကြောင့် ရာဖင်ညာသာ ခြေစွမ်းပိုင်း တိုးတတ်လာခြင်း မရှိရင် သူရဲ့ ပုံမှန်ကစားခွင့်တွေပါ အကန့်အသတ်နဲ့ ဖြစ်လာနိုင်သလို အူစမန်ဒမ်ဘီလီ အန်ဆူဖာတီတို့ပါ သူ့နေရာအတွက် ပိုမို ခြိမ်းခြောက်လာနိုင်ပါတယ်။