စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘယ်နောက်ခံလူ တက်ဂလီယာဖီကိုကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာန အများစုက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အာဂျင်တီးနား ဘယ်နောက်ခံလူ တက်ဂလီယာဖီကိုဟာ အေဂျက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို အေဂျက်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကိုလည်း ငြင်းဆန်ထားသူပါ။

Photo Credit: Daily Mail

လက်ရှိအချိန်မှာ တက်ဂလီယာဖီကိုဟာ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားပြီး အေဂျက်အတွက်လည်း မရှိမဖြစ် နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြ ကစားနေကာ ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာနည်းပြ ဇာဗီက တက်ဂလီယာဖီကိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ထဲက ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ဘာစီလိုနာက စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ တက်ဂလီယာဖီကို အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းတန် ကမ်းလှမ်းမှု တခု လုပ်ခဲ့ပေမယ့် အေဂျက်ကတော့ တက်ဂလီယာဖီကိုကို ရောင်းထုတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဒါပေမယ့် ဘာစီလိုနာဟာ တက်ဂလီယာဖီကိုကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုအား လက်မလျှော့သေးပဲ တက်ဂလီယာဖီကိုရဲ့ အေးဂျင့်နဲ့ ဆက်တိုက် ဆိုသလို ချိတ်ဆက်မှုတွေ ပြုလုပ်ကာ တက်ဂလီယာဖီကိုကို အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး တက်ဂလီယာဖီက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားကြောင်း အာဂျင်တီးနား အခြေစိုက် သတင်းဌာနတွေက ဆိုကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဘာစီလိုနာဟာ တက်ဂလီယာဖီကိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း အတည်ပြု ပေးထားပြီး ဘာစီလိုနာက တက်ဂလီယာဖီကို အပါအဝင် နောက်ထပ် ကစားသမား ၄ဦးခန့်ကို ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။